Celebrity News

ထိပ်စည်းပြောင်းသွားခဲ့ပြီဖြစ်တဲ့ EXO’s Lay ရဲ့ မွေးနေ့မှာ တင်ခဲ့တဲ့ အမှတ်တရစာလေးတစ်စောင်

EXO အဖွဲ့ဝင်ဖြစ်သူ Lay Zhang ကတော့ အောက်တိုဘာလ (၇) ရက်နေ့မှာပဲ အသက် ၃၀ ပြည့်သွားခဲ့ပါပြီ။ ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားနေတဲ့သူဖြစ်တဲ့အလျောက် မွေးနေ့မှာ အမှတ်တရအဖြစ် တင်ပေးခဲ့တဲ့ စာလေးတစ်စောင်ကတောင် အားလုံးအတွက် ကြိုးစားမယ့်အကြောင်းလေးတွေကို ထည့်သွင်းရေးသားထားပါတယ်။

Lay က သူ့ရဲ့ မွေးနေ့မှာပဲ Weibo ကနေတဆင့် ‌ဆုတောင်းစာလေးတစ်စောင် ရေးတင်ခဲ့ပါတယ်။ “ဒီနေ့မှာပဲ ကျွန်တော် အသက် (၃၀) ပြည့်သွားပါပြီ။ ထိပ်စည်းပြောင်းသွားတဲ့ခံစားချက်ကတော့ တကယ့်ကို ထူးခြားနက်နဲပါတယ်။ ကျွန်တော်ဘယ်လိုတွေးလဲဆိုရင် ဒီ အသက် ၃၀ ကာလတွေဆိုတာ ဘဝအတွက် အဆုံးအဖြတ်ပေးမယ့် နောက်ထပ် အသက်အပိုင်းအခြားတစ်ခုပဲ။ ဒါကြောင့်မို့လို့ ဒီအသက်အရွယ်မရောက်ခင်မှာပဲ တစုံတစ်ယောက်အတွက် တစ်ခုခုထူးခြားကောင်းမွန်မှုတစ်ခု.. ဒါမှမဟုတ် မှတ်တိုင်တစ်ခုကတော့ စိုက်ထူပြီးဖြစ်သင့်တယ်လို့ ကျွန်တော် အမြဲတမ်းတွေးလေ့ရှိတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ အသက် (၃၀) ပြည့်နေ့ကို ရောက်လာတော့ အတိတ်ကာလတွေနဲ့ကွာခြားတာမျိုး ဘာမှမရှိခဲ့ဘူးပဲ။

နောက်ထပ် စိတ်ဝင်စားစရာ အတွေ့အကြုံသစ်တွေကိုတော့ ရှာဖွေလေ့လာရမှာပေါ့။ တစ်ညတည်းနဲ့ ကိုယ့်ကိုကိုယ် အသက်ကြီးသွားပြီလို့ကို မတွေးမိတာ။ အသက်တစ်နှစ်ကြီးလာလို့ တခြားသူတွေထက် ထူးခြားသွားပြီ, ဆိုပြီးလည်း မခံစားရဘူး။ ဒီနေ့အထိ ဘဝရဲ့စမ်းသပ်ချက်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးပြီ။ လူအများကြီးရဲ့ ကူညီဖေးမမှုတွေကိုလည်း ယုံကြည်အားကိုးခဲ့ရတယ်။ စီနီယာတွေက လမ်းညွှန်ပြသခဲ့ပြီး မိတ်ဆွေတွေရဲ့ အလင်းဆောင်မှုကို လက်ခံရရှိခဲ့ရတယ်။ လိုအပ်တဲ့အချိန်တိုင်း ကမ်းပေးတဲ့ လက်တစ်စုံက အမြဲရှိနေပါတယ်။ ၉ နှစ်တာကာလပတ်လုံး အားပေးဖေးမခဲ့ကြသူတွေအများကြီး ရှိပါတယ်။ ကျွန်တော့်ဖက်ကနေလည်း ကံကောင်းခြင်းတွေကို ပြန်လည်ဆောင်ကြဉ်းပေးရပါဦးမယ်။

အနာဂတ်မှာတော့ အဆိုတော်ကောင်းတစ်ယောက်၊ သရုပ်ဆောင်ကောင်းတစ်ယောက်၊ သီချင်းထုတ်လုပ်သူကောင်းတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အလုပ်နဲ့ပတ်သက်သမျှ လေ့လာလိုက်စားနိုင်ပြီး ဇောက်ချအလုပ်လုပ်နိုင်ဖို့ ဆန္ဒပြုပါတယ်။ လူ့အသိုက်အဝန်းအားလုံးကို အကျိုးပြုမယ့်အရာတွေကိုလည်း လုပ်ဆောင်နိုင်ချင်ပါတယ်။ ထပ်မံပြီး ကျွန်တော့်ရဲ့အိပ်မက်တွေနောက်ကို အချိန်အကြာကြီး လိုက်ပါချင်ပါတယ်။

အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ရင်း စိတ်ရှည်သည်းခံပါ။ အလုပ်ကြိုးစားပါ။ ကောင်းမွန်တဲ့တိုးတက်ခြင်းတွေ ရရှိလာဖို့လည်း မျှော်လင့်မိတယ်။ အသက် ၃၀ ပြည့်ပြီဆိုတော့ ကိုယ့်ကိုကိုယ် မီခိုအားကိုးနိုင်ပါရစေ။ ငါ့စိတ်ထဲမှာလည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ်လို့ ငါထင်နေတယ်။ အလုပ်ကြိုးစားပြီးရင်း ကြိုးစားမယ်။ အသက် (၃၀) ပြည့်နေ့အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အကြံဉာဏ်တွေလည်း ပေးလို့ရပါတယ်” ဆိုပြီး ရေးသားကာ တင်ပေးခဲ့ပါတယ်။

မွေးနေ့ဆုတောင်းမှာတောင် အလုပ်ကြိုးစားမယ့်အကြောင်း ထပ်တလဲလဲပြောနေတဲ့ သိုးပေါက်လေး Lay ပါပဲ။ ဒီလို ရိုးသားကြိုးစားတဲ့ အသက် (၃၀) ကောင်လေးကို မချစ်ဘဲ ဘယ်သူကများ နေနိုင်ပါ့မလဲနော်။

Source: Weibo
Photos: Weibo
Translated by Julix