Celebrity News

‘Squid Game’ ထဲမှာ ဆယ်ဗြော, အဖြစ် သရုပ်ဆောင်ဖို့ ယုံကြည်ချက်မရှိခဲ့တဲ့ Jung Hoyeon

မော်ဒယ်-သရုပ်ဆောင်ဖြစ်လာသူ Jung Hoyeon ဟာ ဆယ်ဗြောဆိုတဲ့ ဇာတ်ကောင်နဲ့ သူမရဲ့ဘဝကြီးက ပြောင်းလဲမြင့်တက်ခဲ့ပါတယ်။ သူမအတွက် အပြောင်းအလဲကြီးဖြစ်စေခဲ့တဲ့ ဒီဇာတ်ကောင်ကို သရုပ်မဆောင်ရခင်က သူမမှာ ယုံကြည်ချက်မရှိကြောင်းကိုလည်း ပြောပြခဲ့ဖူးပါတယ်။

October 20 ရက်နေ့ tvN ရဲ့ အစီအစဉ်ဖြစ်တဲ့ ‘You Quiz on the Block’ မှာ Jung Hoyeo က ‘Squid Game’ နဲ့ပတ်သက်သမျှ သူမရဲ့ခံစားချက်ကို မျှဝေခဲ့တာပါ။ “အဲ့တုန်းက Fashion Week အတွက် နယူးယော့ခ်ကို ရောက်နေခဲ့တာ။ ‘Squid Game’ အတွက် လူရွေး‌ပွဲသွားဖို့ အေဂျင်စီကနေ ဇာတ်ညွှန်းအကျဉ်းပို့ပေးတယ်။ မနှစ်က ဖေဖော်ဝါရီလလောက်တုန်းကပဲ။ အဲ့တုန်းက ဆယ်ဗြောနဲ့ပတ်သက်ပြီး အခန်း ၃ ခန်း ပါတယ်။ အဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီး ထုတ်လုပ်ရေးအဖွဲ့ဆီကို လှမ်းပို့တာပေါ့။ ဒါရိုက်တာကြီးက အကြိုက်တွေ့သွားတာနဲ့ပဲ ကျွန်မကို လူချင်းတွေ့ဖို့ပြောခဲ့ပါတယ်။ ဒါနဲ့ပဲ Fashion Week အတွက် အချိန်ဇယားတွေအကုန် ဖျက်လိုက်ရတယ်။ ဒီအပိုင်းအတွက် ရလိမ့်မယ်လို့လည်း သေချာပေါက်ထင်မထားဘူး။ ဒီအတိုင်းပဲ ကျွန်မ လုပ်နိုင်လောက်လား ဆိုပြီး သိချင်မိခဲ့တာ။ ကျွန်မမှာ လူရွေးပွဲကို အရှုပ်တွေလုပ်မိပြီလား ဆိုပြီး ဂဏာမငြိမ်ဖြစ်ခဲ့တယ်။

နောက်မှ ‘Squid Game’ ထဲမှာ ပါဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ ဇာတ်ညွှန်းတွေဖတ်ရင်း ရုတ်တရက်ကြီး ‘ငါ ဆယ်ဗြော မဖြစ်နိုင်တော့ဘူး’ ဆိုပြီး အတွေးတွေဝင်ချလာရော။ ပြီးတော့ တွဲဖက်သရုပ်ဆောင်တွေကလည်း Lee Jung Jae, Park Hae Soo, Heo Sung Tae နဲ့ အခြားသော နာမည်ကြီးမင်းသားတွေချည်းပဲလေ။ ‌အကောင်းဆုံးလုပ်ရမှာကို သိပေမဲ့ ကျွန်မက မလုပ်နိုင်တော့ဘူးဆိုပြီး ခံစားလာရတယ်။ လုံးဝကြီးကို ယုံကြည်ချက်တွေ ပျောက်ဆုံးသွားခဲ့တာပါပဲ။ ဘယ်လိုမှလည်း ဖျောက်ဖျက်လို့မရတဲ့အဆုံး ဒါရိုက်တာကြီးကို ရင်ဖွင့်တော့ ‘ငါ မင်းကို ရွေးချယ်ခဲ့တာဟာ မင်းကိုယ်တိုင်ကိုက ‘ဆယ်ဗြော’ ဖြစ်နေပြီးသားမို့လို့ပဲ။ ဆယ်ဗြောဆိုတဲ့ ကောင်မလေးအတွက် မင်းက လုံလောက်တာထက် ပိုတောင် နေပါပြီ။ စိတ်မပူပါနဲ့’ လို့ သူက အားပေးရော။ သူ့စကားတွေကြားပြီး ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့တယ်။ ကိုယ့်ဘာသာလည်း အကောင်းဆုံးလုပ်မယ် ဆိုပြီး ပြန်ပြောရင်း အားတင်းခဲ့ပါတယ်” လို့ အသေးစိတ်ပြောပြခဲ့ပါ‌တော့တယ်။

‘Squid Game’ ထဲက မြောက်ကိုရီးယားသူလေး ဆယ်ဗြောကတော့ ကြည့်ရှုသူတွေကြား တော်တော်လေး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကောင်ပါ။ ဒီဇာတ်ကောင်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ Jung Hoyeon ကလည်း အားပေးနှစ်သက်မှုတွေ များစွာရရှိခဲ့ပြီး တခြားဘယ်မင်းသမီးနဲ့မှ အစားထိုးမြင်ယောင်ကြည့်လို့မရတဲ့အထိကို ဇာတ်ကောင်နဲ့ တသားတည်းကျနေခဲ့ပါတော့တယ်။

Source: SBSstar
Photos: SBSstar
Translated by Julix