Celebrity News

K-Pop ​လောကမှာ မကြာမီ ထွန်း​တောက်လာ​တော့မယ့် Kep1er အဖွဲ့ဝင် ၉ ဦးရဲ့ “Girls Planet 999” မတိုင်ခင်က အနုပညာလမ်းခရီး

လွန်ခဲ့တဲ့ရက်ပိုင်းကမှ ပြီးဆုံးသွားတဲ့ Mnet ရဲ့ နာမည်ကြီး survival show တစ်ခုဖြစ်တဲ့ “Girls Planet 999” ဟာ Kep1er ဆိုတဲ့ Global Girl Group အသစ်တစ်ဖွဲ့ကို ​မွေးထုတ်​ပေးလိုက်နိုင်ပြီဖြစ်ပါတယ်။ Kep1er အဖွဲ့ဝင်​တွေကို ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူ​တွေက ကိုယ်တိုင်မဲ​ပေး​ရွေးချယ်ခဲ့ကြပြီး အဖွဲ့ဝင် ၉ ​ယောက်ပါဝင်ပါတယ်။

အဖွဲ့ဝင်​တွေအားလုံးဟာ ရုပ်ရည်​ရော အရည်အချင်းပါ ပြည့်စုံတဲ့သူ​တွေဖြစ်တာ​ကြောင့် ကိုရီးယားပြည်တွင်းတင်မက နိုင်ငံတကာကို ထိုး​ဖောက်မယ့် အင်အားကြီး မိန်းက​​လေးအဖွဲ့တစ်ဖွဲ့ဖြစ်လာမှာပါ။ ဒါ​ကြောင့် Kep1er အဖွဲ့ဝင် ၉ ​ယောက် “Girls Planet 999” မှာ မယှဉ်ပြိုင်ခင် ဘယ်နှနှစ်ကြာ ​လေ့ကျင့်ခဲ့ရလဲ၊ ဘယ်လိုအနုပညာအလုပ်​တွေ လုပ်ကိုင်ခဲ့လဲဆိုတာကို ​ဖော်ပြ​ပေးချင်ပါတယ်။

1. Kim Chaehyun

“Girls Planet 999” final မှာ အဆင့် ၁ ရရှိပြီး Kep1er အဖွဲ့ဝင်ဖြစ်လာတဲ့ Chaehyun က​တော့ ထို show ကို ဝသိမပြိုင်ခင် ၆ နှစ်နီးပါး ​လေ့ကျင့်ခဲ့ရပါတယ်။ အသက် ၁၉ နှစ်သာရှိ​သေးတဲ့ Chaehyun ဟာ ၂၀၁၅ ခုနှစ်မှာ SM Entertainment နဲ့ လက်တွဲပြီး သင်တန်းသူစဖြစ်လာခဲ့ပါတယ်။ ဒါ​ပေမဲ့ ပြီးခဲ့တဲ့နှစ်က SM က​နေ နုတ်ထွက်ခဲ့ပြီး Kep1er ကို ပူးတွဲစီမံခန့်ခွဲမယ့် WAKEONE Entertainment လက်​အောက်မှာ ၁ နှစ်ခန့် ထပ်မံ​လေ့ကျင့်ခဲ့ပါတယ်။

2. Huening Bahiyyih

Bahiyyih က​​တော့ “Girls Planet 999” ကို ဝင်​​ရောက်ယှဉ်ပြိုင်ခြင်းမပြုခင် ဘယ်ကုမ္ပဏီမှာ ​လေ့ကျင့်​ရေးဆင်းခဲ့လည်းဆိုတာကို မသိရပါဘူး။ Play M Entertainment က​ Bahiyyih ဟာ သူတို့နဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ မကြာ​သေးခင်က ထုတ်​ဖော်​ပြောကြားခဲ့​ပေမဲ့ ဒီ survival show မှာ ဝင်မပြိုင်ခင် စာချုပ်ချုပ်ခဲ့တာလား၊ ဝင်ပြိုင်​ပြီးမှ စာချုပ်ချုပ်တာလားဆိုတာ​တော့ မ​ရေရာပါဘူး။ သူမရဲ့ အကသင်တန်း​ကျောင်းက​တော့ ပြီးခဲ့တဲ့နှစ် ​မေလနဲ့ ဇူလိုင်လကြားမှာ Bahiyyih ဟာ ကုမ္ပဏီအများအပြားရဲ့ လူ​ရွေးပွဲ​ကို ​အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် အကသင်တန်း​ကျောင်းမှာ ​လေ့ကျင့်တာကို ဖယ်လိုက်မယ်ဆိုရင် ​အေဂျင်စီတစ်ခုခုရဲ့ သင်တန်းသူဖြစ်တာ ၁ နှစ်​တောင် မပြည့်​သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

3. Choi Yujin

Yujin ဟာ CLC အဖွဲ့ဝင်မဖြစ်ခင် ၄ နှစ်​လောက် ​လေ့ကျင့်ခဲ့ရပါတယ်။ သူမဟာ ၂၀၁၁ ခုနှစ်မှာ Cube Entertainment နဲ့ လက်တွဲခဲ့တာဖြစ်ပြီး တခြား​သော CLC အဖွဲ့ဝင်​တွေနဲ့ယှဉ်ရင် အချိန်အကြာကြီး ပို​လေ့ကျင့်ခဲ့ရပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Yujin ဟာ CLC အဖွဲ့ဝင်အဖြစ် ၆ နှစ်လုပ်ကိုင်ခဲ့တာ​ကြောင့် ဒီ​လောကထဲမှာ စုစု​ပေါင်း ၁၀ နှစ်နီးပါး အ​တွေ့အကြုံရှိထားတာဖြစ်ပါတယ်။ တခြား Kep1er အဖွဲ့ဝင်​တွေနဲ့ ယှဉ်ရင် အသက်အကြီးဆုံးဖြစ်သလို အ​တွေ့အကြုံလည်း အများဆုံးဖြစ်ပါတယ်။

4. Kim Dayeon

Dayeon က​​​တော့ “Girls Planet 999” မှာ ဝင်မပြိုင်ခင် ၃ နှစ်​လောက် သင်တန်းသူဘဝမှာ ​နေခဲ့ရပါတယ်။ အသက် ၁၈ နှစ်သာရှိ​သေးတဲ့ သူမဟာ CNC School လက်​အောက်မှာ ၁ နှစ်၊ Stardium Entertainment လက်​အောက်မှာ ၁ နှစ်နဲ့ လက်ရှိ ​သူမရဲ့ အေဂျင်စီဖြစ်တဲ့ Jellyfish Entertainment လက်​အောက်မှာ ၁ နှစ် ​လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

5. Seo Youngeun

Youngeun က​တော့ “Girls Planet 999” မှာ မယှဉ်ပြိုင်ခင် ၂ နှစ်ခွဲ​လောက် သင်တန်းသူဘဝမှာ ​နေခဲ့ရပါတယ်။ လက်ရှိ သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ BIScuit Entertainment လက်​အောက်မှာ​တော့ လအ​တော်ကြာ ​လေ့ကျင့်ခဲ့ပါတယ်။ BIScuit Entertainment နဲ့ စာချုပ်မချုပ်ခင် ဘယ်​အေဂျင်စီလက်​အောက်မှာ ​လေ့ကျင့်ခဲ့သလဲဆိုတာကို​တော့ မသိရ​သေးပါဘူး။

6. Kang Yeseo

Yeseo က​တော့ Idol တစ်​ယောက်အ​နေနဲ့ နှစ်များစွာ အ​တွေ့အကြုံရှိထားပြီးသားဖြစ်ပါတယ်။ Idol မဖြစ်ခင်မှာ ဘယ်နှနှစ်​​လောက် ​လေ့ကျင့်ခဲ့ရတယ်ဆိုတာကို​တော့ မသိရပါဘူး။ အသက် ၁၆ နှစ်သာရှိ​သေးတဲ့ Yeseo ဟာ သူမ အသက် ၅ နှစ်က​နေ ၈ နှစ်အထိ Cutie-L အဖွဲ့ဝင်ဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်မှာ Pritti အဖွဲ့ရဲ့ pre-debut အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ​နောက် Buster အဖွဲ့ဝင်အဖြစ် တစ်နှစ်ခွဲ​လောက် လုပ်ကိုင်ခဲ့ဖူးတာ​ကြောင့် “Girls Planet 999” မတိုင်ခင် ၄ နှစ်ခွဲ​လောက် Idol အ​တွေ့အကြုံရှိခဲ့တယ်လို့ ဆိုရမှာပါ။ သူမဟာ ဇာတ်ကား​တွေအများကြီး ရိုက်ကူးခဲ့ဖူးတဲ့ သရုပ်​ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာ​တော့ 143 Entertainment နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။

7. Ezaki Hikaru

အဆင့် ၇ နဲ့ Kep1er အဖွဲ့ဝင်ဖြစ်လာတဲ့ ဂျပန်လူမျိုး Hikaru ဟာ “Girls Planet 999” ကို ဝင်မပြိုင်ခင် ၅ နှစ်ခန့် ​လေ့ကျင့်ခဲ့ပါတယ်။ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ၂၀၁၆ ခုနှစ်မှာ Avex Artist Academy ရဲ့ child group “+GANG” အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အဲ့အဖွဲ့က​နေ နုတ်ထွက်ခဲ့ပြီး ထိုသင်တန်း​ကျောင်းမှာပဲ ဆက်ပြီး ​လေ့ကျင့်​ရေးဆင်းခဲ့ပါတယ်။

8. Sakamoto Mashiro

Kep1er အဖွဲ့ရဲ့ ဒုတိယ​မြောက် ဂျပန်လူမျိုးအဖွဲ့ဝင်ဖြစ်တဲ့ Mashiro က​​တော့ ဒီ survival show မှာ ဝင်မပြိုင်ခင် ၄ နှစ်​လောက် ​လေ့ကျင့်​ရေးဆင်းခဲ့ရပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်မှာ JYP Entertainment နဲ့ လက်တွဲခဲ့ပြီး ၂ နှစ် ​လေ့ကျင့်ခဲ့ပါတယ်။ အဲ့ဒီ​နောက် Pledis Entertainment လက်​အောက်မှာ ၁ နှစ်ခွဲ ၂ နှစ်နီးပါး ​လေ့ကျင့်ခဲ့ပြီး လက်ရှိမှာ​တော့ Kang Yeseo ရှိတဲ့ 143 Entertainment နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။

9. Shen Xiaoting

Kep1er အဖွဲ့ရဲ့ တစ်ဦးတည်း​သော တရုတ်လူမျိုးအဖွဲ့ဝင်ဖြစ်တဲ့ Xiaoting က​တော့ “Girls Planet 999” မှာ သူမကိုယ် သူမ​ရေးသားခဲ့တဲ့ စာအရ ၂ နှစ်ခွဲ​လောက် ​သင်တန်းသူဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်က ဘယ်ကုမ္ပဏီ​တွေနဲ့ စာချုပ်ချုပ်ခဲ့လဲဆိုတာကို မသိရ​ပေမဲ့ တရုတ် survival show “Produce Camp 2020” မှာ ဝင်​​ရောက်ယှဉ်ပြိုင်စဉ်ကတည်းက Top Class Entertainment နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။

Source : Koreaboo
Photo : Mnet
Written : ZL