Celebrity News

Street Dance of China 4 ကို အလည်တစ်ခေါက် ပြန်လာမယ့် Jackson Wang

အခုဆိုရင် ဖျော်ဖြေရေးလောကရဲ့ ဆွဲဆောင်မှုအကောင်းဆုံး Show တစ်ခုဖြစ်တဲ့ Street Dance of China 4 ကို ကျင်းပယှဉ်ပြိုင်လာခဲ့ကြတာ အချိန်တစ်ခုအထိ ရှိသွားပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ Final ပွဲစဉ်ကြီးကို ခမ်းခမ်းနားနား ယှဉ်ပြိုင်ကြတော့မယ့် နေ့ရက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Season 4 မှာ ပါဝင်တဲ့ Captain များကို ရွေးချယ်ရာမှာလည်း ကျွက်ကျွက်ဆူ ခဲ့သလို တရားဝင်ကြေညာလိုက်ချိန်မှာလည်း ပရိတ်သတ်များရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုမှုတွေကို ရရှိခဲ့ကြပါတယ်။ Season 4 ရဲ့ Captain တွေဖြစ်ကြတဲ့ Han Geng, Zhang Yixing, Wang Yibo, Hnery Lau တို့ရဲ့ Skill တွေကို ကြည့်ရှုနေကြရင်း Season 3 မှာ ပါဝင်ခဲ့တဲ့ Captain ဟောင်းတစ်ဦးဖြစ်သူ Jackson Wang ရဲ့ ဖျော်ဖြေမှုတွေကိုလည်း အလွမ်းပြေ ဖြည့်စွက်ကြည့်ရှုဖို့ အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Season 3 မှာ ပါဝင်ခဲ့ဖူးတဲ့ Captain တစ်ဦးဖြစ်သူ Jackson Wang ကို အောက်တိုဘာလ (၃၀) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Season 4 ရဲ့ နောက်ဆုံး Final ပွဲစဉ်ကြီးမှာ ပါဝင်ဖျော်ဖြေဖို့ ဖိတ်ကြားထားတဲ့ အကြောင်းကို Youku နဲ့ Jackson Wang တို့ နှစ်ဖက်စလုံးကနေ တရားဝင်ကြေညာခဲ့ပါတယ်။

သာမန်ထက်ပိုတဲ့ အကစွမ်းရည်တွေနဲ့ အရည်အချင်းရှိသူ Jackson Wang ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြိုက်နှစ်သက်သူ များစွာကလည်း သူ့ရဲ့ ပါဝင်လာမှုကို စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားနေကြတာကို တွေ့ရပါတယ်။ GOT7 အဖွဲ့ဝင် တစ်ယောက်အဖြစ် ကိုရီးယားမှာ ပွဲဦးထွက်ခဲ့တဲ့ Jackson Wang ဟာ ထူးချွန်တဲ့ အကစွမ်းရည်၊ ဆွဲဆောင်မှုရှိတဲ့ အသံ၊ ကွဲပြားတဲ့ ပင်ကိုယ်ဟန်ပန်တို့ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားပြီး ရေပန်းစားမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ယခုပွဲစဉ်မှာလည်း သူ့ရဲ့ ပြင်းပြတဲ့ ခံစားချက်တွေကို အကစွမ်းရည်ကနေတစ်ဆင့် ပရိတ်သတ်တွေရဲ့ ရင်ထဲကို ဘယ်လိုမျိုး တိုးဝင်နေရာယူဦးမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်စား ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Youku
Photos : Weibo