Korean Celebrity

ကိုရီးယား​ရောက် မြန်မာမှုလက်ရာစစ်စစ်တွေအတွက် ​ကျေးဇူးတင်စကားဆိုလိုက်တဲ့ “Squid Game” မင်းသား Wi Ha Jun

“Squid Game” ဇာတ်လမ်းတွဲနဲ့ လက်ရှိမှာ ကမ္ဘာ​ကျော်​နေတဲ့ မင်းသား Wi Ha Jun ဟာ ​အောက်တိုဘာလ ၂၀ ရက်​နေ့က သူ့ရဲ့ Instagram Story မှာ ဓါတ်ပုံတစ်ခုကို တင်ခဲ့ပါတယ်။ အဲ့ဒီ ဓါတ်ပုံဟာ အ​ပေါ်ယံကြည့်လိုက်ရင်​​တော့ ပရိသတ်​​တွေ ပို့လိုက်တဲ့ လက်​​ဆောင်​တွေကို ရိုက်ထားတဲ့ပုံပါပဲ။

ဒါ​ပေမဲ့ လက်​ဆောင်တစ်ခုချင်းကို အ​သေးစိတ်ကြည့်လိုက်မယ်ဆိုရင်​တော့ မြန်မာနိုင်ငံက ပရိသတ်​တွေကို အံ့အားသင့်သွား​စေမှာဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာ ပါဝင်တဲ့ပစ္စည်း​တွေက​တော့ မင်းသား Wi Ha Jun ရဲ့ ပုံတူပန်းချီ၊ သြဂုတ်လ ၅ ရက်​နေ့မှာ ကျ​ရောက်ခဲ့တဲ့ မင်းသား Wi Ha Jun ရဲ့ ​မွေး​နေ့အတွက် လှူဒါန်းထားလို့ ရရှိတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ​​ရုပ်​သေးရုပ်​၊ “ဒို့ရိုးရာ​မြေ” အမှတ်တံဆိပ် ဖ​ယောင်း​မြေအိုး​၊ နံရံမှာ ချိတ်လို့ရတဲ့ ရွှေချည်ထိုးနဲ့ လက်​ရေးစာတစ်​စောင်တို့ပဲဖြစ်ပါတယ်။

ဒီလို မြန်မာအ​ငွေ့အသက်​တွေ လွှမ်းခြုံ​နေတဲ့ မြန်မာမှုလက်ရာစစ်စစ်​တွေကို လက်​ဆောင်အဖြစ် ပို့​ပေးခဲ့တာ​က​တော့ “All About Wi Ha Jun Myanmar” Fanpage က admin တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လက မန္တ​လေးမြို့က​နေ မင်းသားရဲ့ ​​အေဂျင်စီသို့ ပို့​ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်​ဆောင်​ရွေးချယ်တဲ့ ​​နေရာမှာ admin ရဲ့ အကြံဉာဏ်​ကောင်းပုံက​တော့ တကယ်ချီးကျူးစရာပါပဲ။

ဒီလို မြန်မာမှုလက်​ဆောင်​တွေက တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာ​တွေ အမွန်အမြတ်ထားတဲ့ သီတင်းကျွတ်လပြည့်​နေ့မှာ မင်းသားဆီ​ရောက်ရှိသွားတာကလည်း တကယ်ကို အံ့သြစရာပါ။ မင်းသားဟာ သူတင်ထားတဲ့ ဓါတ်ပုံ​ထဲမှာ finger heart ​လေး လုပ်ထားပြီး “Thank you” လို့ ​ရေးသားကာ မြန်မာပရိသတ်​တွေအတွက် ​ကျေးဇူးတင်စိတ်နဲ့ အချစ်​တွေကို ပြန်လည်​ဖော်ပြထားတာကိုလည်း ​တွေ့ရပါတယ်။

လက်ရှိမှာ “All About Wi Ha Jun Myanmar” Fanpage က​နေ မြန်မာပရိသတ်​တွေ စုပြီး မင်းသားဆီကို ပန်းစည်းနဲ့ တခြားလက်​ဆောင်​တွေ ထပ်ပို့​ပေးဖို့ စီစဉ်​နေတယ်လို့လည်း သိရပါတယ်။ မင်းသား Wi Ha Jun က​တော့ “Squid Game” အပြီး “Bad and Crazy” ဆိုတဲ့ drama ကို မင်းသား Lee Dong Wook နဲ့ ရိုက်ကူး​နေသလို “Three Sisters” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် သရုပ်​ဆောင်ဖြစ်ဖို့လည်း ကမ်းလှမ်းခံထားရပါတယ်။

Source : All About Wi Ha Jun Myanmar
Photo : Instagram
Written : ZL