Korean Celebrity

ဖက်ရှင်နဲ့ပတ်သက်လို့ သူမရဲ့ စိတ်ပျော်ရွှင်မှုကို အပွင့်လင်းဆုံးမျှဝေခဲ့သူ Jennie

BLACKPINK’s Jennie ကတော့ ဂီတနယ်ပယ်ထဲတင်မက ဖက်ရှင်လောကထဲမှာပါ အရှိန်အဝါကြီးတဲ့ မျက်နှာဖုံးအဖြစ် နေရာယူထားပါတယ်။ နာမည်ကြီး ဖက်ရှင် Brand ဖြစ်တဲ့ Chanel ကနေ ဦးစီးပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန် “Coco Neige 2021/22 Collection” မှာလည်း အဓိကပါဝင်သူအဖြစ် ခန့်အပ်ခံထားရတဲ့ Jennie ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုကို လက်ခံဖြေဆိုခဲ့ပါတော့တယ်။

ဒီကမ်ပိန်ရဲ့ မျက်နှာဖုံးအနုပညာရှင်အဖြစ် ပါဝင်ရတဲ့အပေါ် Jennie က “ဒီကမ်ပိန်မှာ ပါဝင်ရမယ်ဆိုတဲ့သတင်းကတော့ ကျွန်မအတွက် အိပ်မက်တစ်ခုလိုပဲ ခံစားရတယ်။ တာဝန်ကြီးမားမှုကို ခံစားရသလို စိတ်လှုပ်ရှားမှုအပြည့်ကိုလည်း ရရှိနေပါတယ်။ Paris Fashion Week ကတော့ အချိန်အကြာကြီးနေမှ ပထမဆုံးတက်ရောက်တဲ့ ဖက်ရှင်ရှိုးပါပဲ။

အဲ့တုန်းက တကယ်ကို စိတ်လှုပ်ရှားနေခဲ့တာ။ ၁၉၈၀ ခုနှစ်တွေတုန်းက အငွေ့အသက်လေးတွေက တောက်တောက်ပပနဲ့ကို သက်ဝင်လှုပ်ရှားနေခဲ့တယ်။ မော်ဒယ်တွေကလည်း လိုက်ဖက်ညီ‌စွာ အားနဲ့မာန်နဲ့ လျှောက်လှမ်းပုံတွေကတော့ မမေ့နိုင်ပါဘူး။ ဓာတ်ပုံဆရာတွေရဲ့ တဖျတ်ဖျတ်ရိုက်ကူးနေသံကတော့ အဲ့အချိန်လေးကို မျက်လုံးထဲမှာ ထင်ထင်ရှားရှားမြင်ယောင်စေပါတယ်။

အင်္ကျီလေးတွေကလည်း သိပ်ကိုလှတာပဲ။ တစ်ခုတည်းရွေးဖို့တောင် မလွယ်ဘူး။ နှလုံးသားထဲထိ စွဲသွားစေခဲ့ အဝတ်လေးကတော့ ပွဲနောက်ဆုံးမှာမှ ပေါ်လာတဲ့ ပါးပါးလွှလွှဝတ်စုံလေးပါပဲ။ ကြည့်ရင်းနဲ့ ၈၀-၉၀ ခုနှစ်တွေတုန်းက ခံစားချက်ကို တကယ်ရလာတာ။ ဝတ်စုံလေးတွေနဲ့ တွဲဖက်ဆင်မြန်းပေးထားတဲ့ accessories တွေကိုလည်း ကြိုက်ပါတယ်” လို့ ဦးစွာ ဖြေဆိုပေးခဲ့ပါတယ်။

ထို့နောက်မှာပဲ “Accessories ဆိုတာကတော့ ကျွန်မအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါပဲ။ ကျွန်မကို ပြီးပြည့်စုံသွားအောင် ဖြည့်စွက်ပေးတဲ့အရာလေးတွေပါ။ ကိုယ်ရဲ့အကြိုက်၊ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကို accessories တွေ လိုက်ဖက်အောင် ဝတ်ဆင်ပြရင်းနဲ့ ဖော်ပြလို့ရတယ်လေ။

အသုံးအဆောင်ပစ္စည်းလေးတွေက တကိုယ်လုံးကိုချုံပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့အခန်းဂဏ္ဍမှာ ပါနေပါတယ်။ Coco Neige collection ထဲက အဝတ်အစားလေးတွေကလည်း သူတို့ကိုယ်ပိုင် ဆွဲဆောင်မှုရှိတယ်။

ဒီ skiwear တွေမှာတောင် ခန့်ထည်မှုတွေ ထည့်သွင်းနိုင်တဲ့ Virginie Viard ကို အံ့ဩချီးကျူးမိပါတယ်။ မတူကွဲပြားပြီး မှန်းဆလို့တောင်မရနိုင်တဲ့ collection ဖြစ်တာကြောင့် စိတ်ကျေနပ်မိတယ်။ ဂီတဖန်တီးမှုတွေနဲ့ ဆင်တူပါတယ်။

ကျွန်မရဲ့ ဂီတအလုပ်ပိုင်းမှာလည်း သံစဉ်တွေကနေတဆင့် ကိုယ်ပြောချင်တဲ့အရာလေးတွေကို ခံစားမိအောင် ရေးစပ်ဖို့ ကြိုးစားတတ်ပါတယ်။ အမြင်တစ်ခုတည်းမှာပဲ အတိအကျပိတ်နေတာမျိုးမဟုတ်ဘဲ သီချင်းနဲ့လိုက်ဖက်မယ့် styles ကို စဉ်းစားရတာမျိုးတွေရှိတယ်။

ဒီလိုနည်းနဲ့ သူများနဲ့မတူ ကွဲထွက်သွာစအောင်ဖန်တီးရင်း ပျော်ရွှင်မှုကို ရှာရတာပေါ့။ ဆောင်းရာသီအားကစားနည်းတွေကို ကြိုက်တဲ့ကျွန်မအတွက်တော့ ဒီနှစ်ဆောင်းတွင်းမှာ Coco Neige collection ကို ဝတ်ပြီး စကိတ်စီးထွက်ဖို့ ရင်တွေခုန်လွန်းလို့ မစောင့်နေနိုင်တော့ပါဘူး” ဆိုပြီး ကလေးပေါက်စလေးလို သူမရဲ့စိတ်ပျော်ရွှင်မှုတွေအား မျှဝေသွားခဲ့ပါတော့တယ်။

Source: Soompi
Photos: WKorea
Translated by Ivy