အကြိုက်ဆုံး Disney ကာတွန်းကားအကြောင်းကို ကလေးလေးလိုမျိုး ပျော်ရွှင်စွာပြောပြခဲ့တဲ့ Jisoo

Disney က ထုတ်လုပ်တဲ့ ကာတွန်းကားတွေ၊ ဇာတ်ကားတွေကတော့ ရသစုံပေးနိုင်တာကြောင့် လူကြီးလူငယ်မရွေး နှစ်သက်စွာကြည့်ရှုကြပါတယ်။ Jisoo ကလည်းပဲ ဇာတ်ကားတွေကြည့်ရတာကြိုက်သူလေးဖြစ်တာကြောင့် Disney Movie တွေကို စွဲလန်းနှစ်သက်ကြောင်း Disney Plus အင်တာဗျူးမှာ ပျော်ရွှင်စွာ ပြောပြနေခဲ့ပါတော့တယ်။

Jisoo ကတော့ Disney နဲ့ပတ်သက်လာရင် ကလေးတစ်ယောက်လို ပြန်ဖြစ်သွားပုံပါပဲ။ “Disney က‌ ကျွန်မဘေးမှာ အမြဲတမ်းရှိနေသလိုပါပဲ။ ပြည်ပနိုင်ငံတွေကိုသွားရရင်တောင် Disney World နဲ့ Disney store တွေဆီကို သွားဖြစ်အောင်သွားတယ်။ ကလေးဘဝကတည်းက Disney က ထုတ်တဲ့ ဇာတ်ကားတွေကို သိပ်ကြိုက်ခဲ့တာပါ။

Disney ကာတွန်းတွေကိုလည်း အကြိမ်ပေါင်းများစွာကြည့်သလို အခု လူငယ်အရွယ်မှာတောင်မှ ကာတွန်းကားတွေကို အများကြီးကြည့်ဖြစ်နေသေးတယ်။ Disney ကာတွန်းတွေကို တကယ်ကိုကြိုက်တာ.. Rapunzel [from Tangled] ဆိုရင် ကျွန်မကြည့်တာ အခေါက်ပေါင်း (၅၀) ကျော်လောက်တောင် ရှိနေပြီ။ BLACKPINK အဖွဲ့ဝင်တွေကလည်း Disney က ဇာတ်ကားတွေကို တအားကြိုက်ကြတယ်။

အားတဲ့အချိန်တွေဆိုရင် အတူတူကြည့်ကြတယ်‌။ အဲ့ထဲက သီချင်းတွေကို အတူတူ အော်ဟစ်ဆိုပြီး ဆံပင်တွေကိုလည်း ကာတွန်းကားထဲကအတိုင်း ကျစ်ဆံမြီးကျစ်ပြီး လိုက်လုပ်ကြသေးတယ်။ အဲ့အချိန်တွေဆိုရင် ဟိုး ကလေးကတည်းကသိလာတဲ့ သူငယ်ချင်းတွေလိုပဲ။ သိပ်ကိုတန်ဖိုးရှိပြီး ပျော်ရွှင်ရပါတယ်” လို့ ကလေးလေးတစ်ယောက်လိုမျိုးကို ပြောပြရင်း သူမရဲ့ပျော်ရွှင်နေမှုတွေကို ဖုံးဖိမထားနိုင်ခဲ့ပါဘူး။

BLACKPINK က Disney ကို နှစ်သက်ကြောင်း BLINKs တွေကတော့ ကောင်းကောင်းကြီးသိကြမှာပါ။ Jennie ဟာ သူမ YouTube Channel မှာတောင် Tangled animation ကားထဲက Mandy Moore’s “When Will My Life Begin” ကို ဆိုပြခဲ့ဖူးပါသေးတယ်။ Jisoo ကတော့ အကြိမ်ရေ (၅၀) ကျော်လောက် ကြည့်ဖူးတာနဲ့တင် Disney ကို ဘယ်လောက်ကြိုက်မှန်း ခန့်မှန်းလို့ရနေပါပြီ။

Source: Koreaboo
Photos: Koreaboo
Translated by Ivy