Chinese Celebrity

Yang Mi နာမည်ကို မဆိုင်ဘဲ ထည့်သုံးတာကြောင့် စိတ်ပုပ်သူအဖြစ် ဝေဖန်ခံရတဲ့ Chen Xiaoyun

လက်ရှိပြသနေတဲ့ “Novoland: Pearl Eclipse” ကတော့ ကြည့်ရှုသူစံချိန်တင်နေတဲ့ ဇာတ်လမ်းတွဲဖြစ်နေပါတယ်။ ပရိသတ်အများအပြားကလည်း လွန်စွာကြိုက်နှစ်သက်နေကြပြီး ဒုတိယဇာတ်လိုက်တွေဖြစ်ကြတဲ့ Di Xu (Xu KaiCheng) နဲ့ နှစ်ကိုယ်ခွဲတော်ဝင်မင်းသမီး‌ Zizan/ Tilan (Chen Xiaoyun) ကြားက အီစီကလီ‌ ဝေ့လည်ကြောင်ပတ်လုပ်နေကြတဲ့ အမူအရာလေးတွေကိုပါ အလွန် သဘောတွေ့နေကြတာပါ။

မကြာသေးခင်က Netizen တစ်ဦးဟာ Douyin ဖက်က Chen Xiaoyun ရဲ့ ဗီဒီယိုတစ်ခုအောက်မှာ “မင်းကတော့ ဒီဇာတ်လမ်းရဲ့ အသားပေးဇာတ်ကောင်ပဲ။ အဲ့တခြားတစ်ယောက်ကတော့ ကြည့်ရတာ ကို့ရို့ကားယာကြီး” ဆိုပြီး Comment ရေးထားခဲ့ပါတယ်။ ဒါကိုတော့ Chen Xiaoyun က “ကြည့်ရှုရတာ နှစ်သက်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။

Yang Mi ကျဲကျဲက ကျွန်မရဲ့ idol တစ်ဦးပါ။ အခက်အခဲတွေကို သည်းခံပြီး အရာရာကို အင်မတန်စိတ်နှစ်ထားတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။ ဒီစီးရီးမှာ သူမနဲ့အတူ သရုပ်ဆောင်ခွင့်ရလို့ ဂုဏ်ယူနေမိပါတယ်” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဒီအပြောမှာတင် ပြဿနာတက်ခဲ့တော့တာပါပဲ။

နဂိုမှတ်ချက်လာပေးတဲ့အထဲမှာ Yang Mi လို့ပြောထားတာ တစ်ခုမှမပါဘဲနဲ့ Chen Xiaoyun က Yang Mi အကြောင်း ထည့်ပြောလိုက်တာကြောင့် မူလမှတ်ချက်ထဲက “ကို့ရို့ကားယားနိုင်တဲ့ အဲ့တစ်‌ယောက်” ဟာ Yang Mi ကို ပြောသလိုမျိုး ဖြစ်သွားခဲ့ပါတော့တယ်။  ဒီအတွက် Netizen တွေက ချက်ချင်းဝုန်းဆန်သွားကြပြီး Weibo မှာပါ Trending တွေ ဝင်ချကုန်တာပါ။

“အပြင်ပန်းက ဟန်ဆောင်နေပြီး အတွင်းစိတ်ပုပ်နေသူ” အဖြစ် Chen Xiaoyun ကို ကဲ့ရဲ့ခဲ့ကာ “Green Tea” အဖြစ် သတ်မှတ်ခဲ့ကြပါတော့တယ်။ ဒါ့အပြင် “အတန်ရှည်ရှာရတာ ကြိုက်နေတာလား?”, “EQ နိမ့်နေတာလား (ဒါမှမဟုတ်) အကြံအဖန်မလား?”, “ဟိုမှတ်ချက်ပေးတဲ့သူက ဘယ်သူလို့လည်းမပြောဘဲနဲ့ ဒီဟာမက Yang Mi နာမည်ကို ထည့်ပြောလိုက်သေးတယ်”,

“Yang Mi သာ မပါရင် ဒီစီးရီးကို ကြည့်မယ့်သူတောင်ရှိမှာမဟုတ်ဘူး”, “အဲ့တော့ Chen Xiaoyun ရဲ့ စိတ်ထဲမှာ Yang Mi သရုပ်‌ဆောင်တာ အချိုးမပြေဘူးလို့ ခံယူထားပုံပဲ” စသဖြင့် အချေအတင်ဖြစ်ကြရင်း မှတ်ချက်ပေါင်း ၁၀၀၀ တောင်ကျော်သွားကာ အုံကြွထွက်ခဲ့ပါတော့တယ်။

တချို့ပရိသတ်တွေကတော့ Chen Xiaoyun ဟာ သူမနှစ်သက်လေးစားသူကို ဒီအတိုင်းချီးမွမ်းခန်းဖွင့်ခဲ့ရုံသပ်သပ်ဖြစ်နိုင်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ Yang Mi ရဲ့ အမာခံပရိသတ်တွေကလည်း ဝင်ရောက်ဖြန်ဖြေပေးခဲ့ကြပြီး ဇာတ်လမ်းကို အဆုံးထိ ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အနုပညာရှင်ဖြစ်နေတဲ့အတွက် အပြောအဆို၊ အသုံးအနှုန်းကအစ အသေးစိတ်ဂရုစိုက်ရတဲ့အကြောင်းအရင်းက ဒီလိုမျိုး အမှတ်မထင်တာကနေ ကိစ္စကြီးဖြစ်သွားနိုင်တာကြောင့်ပါပဲ။ အခုကိစ္စနဲ့ပတ်သက်ပြီး Chen Xiaoyun ဖက်ကတော့ ဘာမှ တုန့်ပြန်ခြင်းမရှိသေးပါဘူး။

Source: Sohu
Photos: Weibo
Translated by Ivy