Chinese Celebrity

ဖခင်သာ ၁ နှစ်လောက် ရှင်သန်ခွင့်ရနိုင်မယ်ဆိုရင် ဘဝရဲ့သက်တမ်းနဲ့ အလဲအလှယ်လုပ်မယ့် Tao

CCTV က ထုတ်လွှင့်ပြသခဲ့တဲ့ “Bravo Youngsters” အစီအစဉ်မှာတုန်းက Tao ဟာ ပြိုင်ပွဲဝင်တစ်ဦးရဲ့ ဖျော်ဖြေမှုကိုကြည့်ရင်းနဲ့ မျက်ရည်တွေဝဲကာ ငိုချခဲ့ဖူးပါတယ်။ “အဖေ့ကိုလွမ်းလို့” ဆိုပြီးပြောရင်း မျက်ရည်ကျခဲ့တဲ့ Tao ဟာ ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ့်ရဲ့မိဘတွေကို မဆုံးရှုံးလိုက်ရခင် ချစ်ခင်ကြင်နာပြီး ဂရုစိုက်သင့်ကြောင်းပါ ပြောခဲ့ပါတယ်။

Tao အတွက် သူ့ရဲ့ဖခင်ကို ဆုံးရှုံးလိုက်ရပြီး အဆင်ပြေ‌ပုံဟန်ဆောင်နေပေမဲ့ တခါတရံ ဖြေမဆည်နိုင်အောင် ခံစားချက်တွေက ရုတ်တရက်ပွင့်ထွက်လာခဲ့ပါတယ်။ ထိုအစီအစဉ်မှာပဲ ငိုနေခဲ့တဲ့ Tao က “ကျွန်တော်ဟာ အရွယ်ရောက်ပြီးသား လူငယ်တစ်ဦးပါ။ မငိုတာလည်းတော်တော်ကြာပါပြီ။ ကျွန်တော်က သန်မာတယ်။ အဖေဆုံးသွားတဲ့နေ့က ကုတင်ဘေးမှာ ကျွန်တော်ရှိနေခဲ့ပါတယ်။

အဖေ့ကို တခွန်းတည်းပြောမိခဲ့တယ်.. “အဖေ.. လွှတ်ချလိုက်ပါတော့။ တအားကြီး မနာကျင်စေချင်တော့ဘူး” ဆိုပြီးတော့ပေါ့။ ကျွန်တော့်ကို စိတ်ချပါ။ အမြဲတမ်း ရှေ့‌ဆက်လျှောက်လှမ်းနေမှာပါ.. ဆိုပြီး ပြေခဲ့မိတယ်။ အဖေ့မှာ ကင်ဆာရောဂါရှိနေပြီ၊ အကြာကြီးမနေရတော့ဘူးဆိုပြီး စသိရတုန်းက ကျွန်တော် တအားကို ကြောက်သွားခဲ့တာ။

ငယ်ငယ်ကတည်းက ကျွန်တော်က အကြောက်တရားကင်းမဲ့တဲ့ကလေးမျိုး။ ဒါပေမဲ့ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ထားသွားမှာကို သိပ်ကြောက်ခဲ့တာပါ။ ကျွန်တော်လေ.. အဖေ့သာ တစ်နှစ်လောက် အသက်ရှင်သန်ခွင့်ရမယ်ဆိုရင် ကျွန်တော့်ဘဝသက်တမ်းရဲ့ (၁၀) နှစ်နဲ့ လဲဆိုရင်တောင် ကျေကျေနပ်နပ်ကြီး လဲလိုက်ချင်ပါတယ်။

ဖြစ်မလာနိုင်မှန်းသိပေမဲ့ တကယ်ကို ဆန္ဒရှိခဲ့တာပါ။ အဖေ ဆုံးပြီးနောက်ပိုင်း ကျွန်တော်ဟာ ကောင်းမွန်စွာဖြတ်သန်းနေကြတာမြင်တော့ ကဲ့ရဲ့ကြတာတွေလည်းရှိပါတယ်။ ကျွန်တော်ခံယူထားတာကတော့ အဖေဟာ သူ့သားကို ရင့်ကျက်ပြီး အရာရာဦးဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်စေချင်မှာ အသေချာပါပဲ။ အဖေ့အတွက်နဲ့ ကျွန်တော်ကြိုးစားနေပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

Tao က တော်ရုံကိစ္စတွေကို အာရုံမစိုက်ဘဲ လုပ်စရာရှိတာလုပ်တတ်တာကြောင့် အသည်းမာသူလို့တောင် ထင်ရပါတယ်။ အဖေနဲ့ပတ်သက်လာရင်တော့ ဖုံးကွယ်ထားတဲ့ နူးညံ့တဲ့စိတ်ထားလေးက ပေါ်လာတော့တာပါပဲ။ တကယ်လို့သာ အသက်လဲလှယ်ခွင့်ရှိမယ်ဆိုရင် Tao တစ်‌ယောက် သူ့အဖေပြန်လာဖို့ အလဲအလှယ်လုပ်မိမှာ သေချာလောက်ပါ‌တယ်နော်။

Source: Weibo
Photos: Studio Weibo
Translated by Ivy