Chinese Celebrity

ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ကောလဟာလ အစပြုသူများကို အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့တဲ့ Xiao Zhan ရဲ့ စတူဒီယို

လတ်တလောမှာ အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် ကောလဟာလ ပြဿနာများအပေါ် သက်ဆိုင်ရာ စတူဒီယိုများရဲ့ ကာကွယ် ဆောင်ရွက် မှုတွေဟာ ပိုမိုစနစ်ကျ လာတာကို တွေ့ရပါတယ်။ နိုဝင်ဘာလ (၂၄) ရက်နေ့မှာ Xiao Zhan ရဲ့ စတူဒီယိုဟာ Shanghai Jiuze Law Firm ကနေ မကြာသေးမီက ပျံ့နှံ့နေတဲ့ Xiao Zhan ရဲ့ ချိန်းတွေ့မှု အပါအဝင် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့ ကောလဟာလများကို ငြင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စတူဒီယိုဟာ ကောလာဟာလ စတင်သူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကောလာဟလများ ပျံ့နှံ့မှုကို ချက်ချင်း ရပ်တန့်ရန်နဲ့ ၎င်းတို့ရဲ့ ပို့စ်များကို ဖျက်ရန် တောင်းဆိုထားပါတယ်။ ဥပဒေ အကျိုးဆောင်အဖွဲ့ ဘက်ကလည်း သက်သေ အထောက်အထားများကို ဆက်လက် စုဆောင်းပြီး ဥပဒေကြောင်းအရ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ရှာဖွေစိစစ် သွားမှာဖြစ်ကြောင်း သိရပါတယ်။

၎င်းအပြင် Xiao Zhan ရဲ့ အခွင့်အရေးကို ချိုးဖောက်ခဲ့တဲ့ Weibo အသုံးပြုသူများအား တရားစွဲထားပြီးဖြစ်ကြောင်း ဥပဒေ အကျိုးဆောင်လုပ်ငန်းမှ ကြေငြာချက်တစ်ခုလည်း တင်ခဲ့ပါတယ်။ ၎င်းတို့ဟာ အသုံးပြုသူ ID များကို စာရင်းပြုစုထားပြီး Weibo မှ အဆိုပါ သုံးစွဲသူများရဲ့ အစစ်အမှန် အထောက်အထားများကို ဥပဒေနှင့်အညီ ထုတ်ပြန်ပေးရန် တရားရုံးကို တောင်းဆိုနေကြောင်းလည်း ဖော်ပြထားတယ်လို့ သိရှိရပါတယ်။

ကိုယ်ရေးကိုယ်တာ လွတ်လပ်မှု အခွင့်အရေး ချိုးဖောက်သူများဘက်က တောင်းပန်မှုတွေ ပြုလုပ်ကြရန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် နစ်နာကြေးများနဲ့ ဥပဒေကြောင်းအရ အခကြေးငွေများ အားလုံးကို ပေးဆောင်ရန် ပါရှိပြီး ၎င်းတို့ရဲ့ လုပ်ရပ်များ အတွက် တရားဥပဒေအရ တာဝန်ရှိကြောင်း များကိုလည်း တရားရုံးကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ထိရောက်တဲ့ အချက်အလက်တွေ၊ တိကျတဲ့ လုပ်ဆောင်မှုတွေနဲ့ မိမိတို့ အနုပညာရှင်ရဲ့ ပုံရိပ်ကို အပြည့်အဝ ကာကွယ်ပေးနေတဲ့ စတူဒီယိုများအတွက် ပရိတ်သတ်များရဲ့ အားပေးထောက်ခံမှု တွေကလည်း အဆုံးအစမဲ့စွာ လက်တွဲပါရှိနေပါတယ်။

Written : Nair Nair
Source : 三八姐姐
Photos : Weibo