Korean Celebrity

Song Hye Kyo ကို စ​တွေ့စဉ်က ကြက်သီး​တောင်ထ​မိ​တယ်လို့ ​ဖွင့်ဟ​ပြောပြလာခဲ့တဲ့ မင်းသား Jang Ki Yong

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်​နေ့တုန်းက SBS ရုပ်သံလိုင်းရဲ့ YouTube Channel တစ်ခုဖြစ်တဲ့ “SBS Now” က​နေ “Now We Are Breaking Up” ဇာတ်လမ်းတွဲ မပြသမီအကြိုအ​နေနဲ့ သူတို့ ၂ ဦးရဲ့ အင်တာဗျူးဗီဒီယိုကို ထုတ်​ဖော်ပြသခဲ့ပါတယ်။ အရင်ဆုံး video ထဲမှာ Song Hye Kyo နဲ့ Jang Ki Yong တို့က ဒီအ​တောအတွင်း သူတို့ ဘယ်လို​နေထိုင်ခဲ့လဲ ဘာ​တွေလုပ်ဖြစ်​နေလဲဆိုတာကို ​ဖွင့်ဟပြောပြခဲ့ပြီး အ​မေးအ​ဖြေပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီ​နောက် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ​​ကျေးဇူးတင်စရာကိစ္စရှိရင် ​ပြောပြဖို့ ​မေးမြန်းရာမှာ​တော့ Song Hye Kyo က “တက်ကြွတဲ့ပုံစံနဲ့ ရိုက်ကွင်းမှာ အမြဲရှိ​နေ​လို့ Ki Yong ကို ​ကျေးဇူးတင်ပါတယ်။ ဝန်ထမ်း​တွေနဲ့ အခြားသရုပ်​ဆောင်​တွေကို အမြဲအပြုံးနဲ့ ဆက်ဆံတတ်တဲ့ သူ့ကိုမြင်ရင် သူဟာ လူ​ကောင်းတစ်​ယောက်ပါလားလို့ မ​တွေးပဲကို မ​နေနိုင်ဘူး။

သူ့ရဲ့ တက်ကြွပြီး ​ပျော်​ပျော်​နေတတ်တဲ့ အကျင့်​ကြောင့် ရိုက်ကွင်းကလည်း ပိုတက်တက်ကြွကြွရှိလာ​ပြီး ဒီလို​အ​ခြေအ​နေကို ဖန်တီး​ပေးတဲ့ သူ့ကို ​ကျေးဇူးတင်တယ် ” လို့ ​ပြောပြကာ Jang Ki Yong ကို ချီးကျူးခဲ့ပါတယ်။ ထိုအခါ Jang Ki Young ကလည်း “စစချင်းတော့ ကျွန်​တော်လည်း Song Hye Kyo လို အရမ်းစီနီယာကျတဲ့ မင်းသမီးနဲ့ အလုပ်တွဲလုပ်ရမှာကို ဝန်​လေးမိသလို ​ကြောက်ပြီး စိတ်ပူမိတယ်။

ဒါ​ပေမဲ့ ရိုက်ကူး​နေတဲ့အ​တောအတွင်းမှာ ဂျူနီယာဖြစ်တဲ့ ကျွန်​တော့်ကို ​စောင့်​ပေးတယ်။ ရီဟာဇယ်လုပ်တဲ့အချိိန် နားမလည်တာကို ပြန်​မေးရင်လည်း ရှင်းပြ​ပေးတယ်။ ကျွန်​တော့်ရဲ့ စီနီယာ​ကြောင့် စိတ်လှုပ်ရှားတာ မြန်မြန်ပဲ ​ပျောက်သွားခဲ့တယ်။ တကယ့်ကို စိတ်ရင်းနဲ့ ​ကျေးဇူးတင်ပါတယ်” ဆိုပြီး ရှင်းပြရင်း Song Hye Kyo ကို တစ်ဖန်ပြန်ပြီး ​ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဆက်လက်ပြီး Jang Ki Yong က ဇာတ်လမ်းရိုက်ကူးစဉ်အတွင်း သူ့အ​နေနဲ့ အမှတ်အရဆုံး အချိန်ကိုလည်း ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။ သူက “ဇာတ်ညွှန်းစဖတ်တဲ့​နေ့က ကျွန်​တော့်အတွက် အမှတ်အရဆုံးပဲ။ Song Hye Kyo ဆိုတဲ့ မင်းသမီးက ကျွန်​တော့်ရဲ့ မျက်စိ​ရှေ့မှာရှိ​နေတယ်ဆိုတဲ့ အမှန်တရားက ကြက်သီးထ​စေပြီး မယုံကြည်နိုင်​လောက်​အောင်ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းရိုက်ကူးတဲ့ တစ်​လျှောက်လုံးက ​ကောင်းမွန်တဲ့ အမှတ်တရဖြစ်ခဲ့​ပေမဲ့ အမှတ်အရဆုံးက​တော့ ဇာတ်ညွှန်းဖတ်ပွဲလုပ်တဲ့​နေ့မှာ ကျွန်​တော်တို့ စ​တွေ့တဲ့အချိန်ပါပဲ” ဆိုပြီး ​သူ့ရဲ့ ခံစားချက်ကို ဝန်ခံခဲ့ပါတယ်။ Jang Ki Yong နဲ့ Song Hye Kyo တို့ဟာ “Now We Are Breaking Up” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်​ဆောင်အ​နေနဲ့ ပါဝင်သရုပ်​ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ ဒီဇိုင်းအဖွဲ့​​ခေါင်း​ဆောင် Ha Young Eun (Song Hye Kyo) နဲ့ အလွတ်တန်း ဖက်ရှင်ဓါတ်ပုံဆရာ Yoon Jae Kook (Jang Ki Yong) တို့ရဲ့ အတက်အကျအနိမ့်အမြင့်မျိုးစုံနဲ့ relationship ကို ကြည့်ရှုခံစားရမယ့် အချစ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ “Now We Are Breaking Up” ဇာတ်လမ်းတွဲကို နိုဝငိဘာလ ၁၂ ရက်​နေ့ကစပြီး အပတ်စဉ် စ​နေတနင်္ဂ​နွေ​နေ့ညတိုင်းမှာ SBS ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ပြသ​နေပြီဖြစ်ပါတယ်။

Source : Kbizoom
Photo : SBS
Written : ZL