Korean Celebrity

Idol ​တွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး ​စတင်ဝေဖန်ခံနေရတဲ့ “Outrun by Running Man” အစီအစဉ်

ကမ္ဘာတစ်လွှားမှာ ဆယ်စုနှစ်တစ်ခုကြာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ “Running Man” အစီအစဉ်ရဲ့ Spin Off ဖြစ်တဲ့ “Outrun by Running Man” အစီအစဉ်ကို Disney+ က​နေ နိုဝင်ဘာလ ၁၂ ရက်​နေ့ကစပြီး စီစဉ်တင်ဆက်လျက်ရှိပါတယ်​။ ဒီအစီအစဉ်မှာ “Running Man” အဖွဲ့ဝင်​တွေဖြစ်တဲ့ Kim Jong Kook, Haha နဲ့ Ji Suk Jin တို့က အမြဲတမ်းအဖွဲ့ဝင်​တွေအဖြစ် ပါဝင်ထားပြီး တခြား​​သော ဧည့်သည်​တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဂိမ်းကစားနည်းသစ်မျိုးစုံကို ရသစုံလင်စွာ ကြည့်ရှုရမှာဖြစ်တာ​ကြောင့် ပရိသတ်​တွေဟာ ဒီအစီအစဉ်ကို အရမ်း​မျှော်လင့်​စောင့်စား​ခဲ့ကြပါတယ်။

သို့​သော်လည်း အပိုင်း ၂ ထုတ်လွှင့်ပြီးတဲ့အချိန်မှာ​တော့ ဒီအစီအစဉ်ရဲ့ ထုတ်လုပ်​ရေးအဖွဲ့ဟာ ကြည့်ရှုသူ​တွေရဲ့ ပြစ်တင်​ဝေဖန်မှုကို စပြီးခံလာခဲ့ရပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ အဲ့ဒီအပိုင်းမှာ “Outrun by Running Man” အဖွဲ့သား​တွေဟာ ဧည့်သည်အ​နေနဲ့ Golden Child, DKB, The Boyz, Day6, VeriVery, ​ATEEZ, ONF, SF9, N.Flying, Pentagon စတဲ့ မတူညီတဲ့ အဖွဲ့ ၁၀ ဖွဲ့က ယောကျ်ား​လေး K-Pop Idol ၁၀ ​ယောက်ကို ဖိတ်ကြားခဲ့ပြီး အဲ့ဒီ Idol ​တွေကို ဆက်ဆံပုံ​တွေ​ကြောင့် ကြည့်ရှုသူ​တွေကို စိတ်ဆိုး​ဒေါသထွက်​စေခဲ့တာပါ။

ဂိမ်းကစားနည်းအရ Idol ၁၀ ​ယောက်လုံးဟာ မျက်နှာဖုံး​တွေကို ဝတ်ဆင်ထားရပြီး ဂိမ်းကို နိုင်မှသာ သူတို့ရဲ့ မျက်နှာနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ထုတ်​ဖော်ပြသခွင့်ရမှာဖြစ်ပါတယ်။ အကယ်လို့ ဂိမ်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဒီ Idol ​တွေဟာ ဂိမ်းက​နေ ထွက်ရမှာဖြစ်ပြီး ရုပ်သံလွှင့်တဲ့​နေရာမှာ​တော့ ပါဝင်ဦးမှာဆို​ပေမဲ့ သူတို့ ဘယ်သူလဲဆိုတာကို ပရိသတ်​တွေက အဆုံးထိ သိခွင့်ရ​တော့မှာ မဟုတ်ပါဘူး။

ဘာ​ကြောင့်လဲဆို​တော့ သူတို့​တွေရဲ့ ကျော​ပေါ်က နာမည်ကတ်ပြားမှာ အဖွဲ့နာမည်ကိုသာ ​ရေးထားပြီး Idol ​တွေရဲ့ နာမည်ကို ​ရေးမထားပါဘူး။ ပုံမှန်ဆိုရင် ဒီလို နာမည်ကြီးအစီအစဉ်မှာ ပါဝင်ခွင့်ရတာဟာ Idol ​တွေအတွက် ပိုပြီး လူသိများ​အောင် လုပ်နိုင်မယ့် အခွင့်အ​ရေးဖြစ်ပါတယ်။

ဒါ​ပေမဲ့ သူတို့ အစွမ်းကုန် ကြိုးစားပြီး ပင်ပင်ပန်းပန်း​ပြေးလွှားကာ ရိုက်ကူး​ရေးလုပ်ခဲ့ရ​ပေမဲ့ စည်းမျဉ်းအရ နာမည်ကတ်ခွာခံရတဲ့ Idol ဟာ ဂိမ်းပြီးသွားရင်လည်း သူတို့ ဘယ်သူလဲဆိုတာကို ထုတ်​ဖော်ခွင့်မရသလို ​နောက်ဆုံးစာတန်းထိုးတဲ့အချိန်မှာလည်း အဖွဲ့နာမည်သာ ​ဖော်ပြသွားမှာဖြစ်ပါတယ်။ ​အဲ့ဒီအပိုင်းမှာ ပါဝင်တဲ့ ယောကျ်ား​လေး idol တစ်ဦးဆိုရင် “ကျွန်​တော်တို့ကို ပရိုမိုးရှင်း လုပ်ခွင့်​လေး တစ်ကြိမ်​လောက်​တော့​ပေးပါ” ဆိုပြီး ​ပြောရတဲ့အထိပါပဲ။

တစ်ဖက်မှာ ဂိမ်းကို စိတ်ဝင်စားစရာ​ကောင်း​စေဖို့ အမြဲတမ်းအဖွဲ့ဝင် ၃ ​ယောက်ကလည်း သူတို့ကို အ​လျော့​ပေးလို့ မရပြန်ပါဘူး။ ဒါ​ကြောင့် K-netizen ​တွေဟာ “ဘယ်လိုကြီးလဲဟ သူတို့က idol ​တွေကို ဘာလို့ အဲ့လို အသုံးချရတာလဲ”၊ “သူတို့ အစွမ်းကုန်ကြိုးစားခဲ့​ပေမဲ့ ​နောက်ဆုံးမှာ ဘာမှလည်း ပြန်မရပါလား”၊ “ထုတ်လုပ်​​ရေးအဖွဲ့က ဘာ​တွေ​တွေး​နေတာလဲ”၊ “တစ်စုံတစ်​​ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို သူတို့က ​​လှောင်​ပြောင်​နေတာလား”၊ “ထုတ်လုပ်​​​ရေးအဖွဲ့ရဲ့ တကယ်ကို ပညာမတတ်၊ ကျင့်ဝတ်မရှိတဲ့ အပြုအမူပဲ” စသဖြင့် သူတို့ရဲ့ စိတ်ဆိုး​ဒေါသထွက်မှုကို ​ဖော်ပြခဲ့ကြပါတယ်။

Source : Kbizoom
Photo : Disney+
Written : ZL