Korean Celebrity

နောင်တစ်ချိန် K-Drama ​လောကမှာ ထိပ်တန်းမင်းသား​တွေဖြစ်လာနိုင်​ခြေရှိတဲ့ ယောကျ်ား​​လေး K-Pop Idol (၃) ဦး

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း K-Pop Idol အများစုဟာ သရုပ်​ဆောင်​လောကထဲကို ဝင်​ရောက်ကာ K-drama ​တွေ ရုပ်ရှင်ကား​တွေ ရိုက်ကူးလာကြပါတယ်။ လက်ရှိမှာဆိုရင် K-Pop Idol ​တွေဖြစ်ကြတဲ့ Super Junior အဖွဲ့ဝင် Choi Si Won, EXO အဖွဲ့ဝင် D.O, ZE:A အဖွဲ့ဝင် Park Hyung Sik နဲ့ Im Si Wan, 2PM အဖွဲ့ဝင် Taec Yeon နဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo တို့ဟာ သရုပ်​ဆောင်​လောကမှာလည်း အ​တော်​လေး အ​ခြေကျကာ ​အောင်မြင်​ကျော်ကြား​နေပြီဖြစ်ပါတယ်။

ဒါ​ကြောင့် Sports DongA သတင်းဌာနက K-drama ​လောကမှာ တဖြည်းဖြည်း ​နေရာရလာပြီး ​နောင်တစ်ချိန်မှာ နာမည်ကြီးမင်းသား​တွေဖြစ်လာနိုင်​ခြေရှိတဲ့ ​​ယောကျ်ား​​လေး Idol (၃) ဦးကို ​ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီ (၃) ဦးက​တော့

1. Jinyoung (GOT7)

Jinyoung ဟာ ၂၀၁၄ ခုနှစ်မှာ GOT7 အဖွဲ့နဲ့ ပွဲဦးမထွက်ခင်တည်းက သရုပ်​ဆောင်ဖူးတဲ့ အ​တွေ့အကြုံရှိပြီး လွန်ခဲ့တဲ့ နှစ်​တွေအတွင်းမှာလည်း ဇာတ်ကား​တော်​တော်များများမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်က Asia Artist Awards ဆု​ပေးပွဲမှာ “Potential Actor Award” ကိုလည်း ဆွတ်ခူးရရှိခဲ့ပါ​သေးတယ်။

ယခုနှစ်မှာ​​​တော့ Jinyoung ဟာ JYP Entertainment နဲ့ စာချုပ်သက်တမ်းမတိုးပဲ BH Entertainment နဲ့ စာချုပ်ချုပ်ခဲ့တာ​ကြောင့် သရုပ်​ဆောင်ပိုင်းကို ပိုအားစိုက်ခွင့်ရခဲ့ပြီး အဓိကဇာတ်​ဆောင်​နေရာ​တွေမှာ ပါဝင်ရခဲ့ပါတယ်။ သူဟာ ယခုနှစ် ဇူလိုင်လက ထုတ်လွှင့်ခဲ့တဲ့ tvN ရုပ်သံလိုင်းရဲ့ “Devil Judge” ဇာတ်လမ်းတွဲမှာ ၂ ကိုယ်ခွဲ သရုပ်​ဆောင်ပြီး ပရိသတ်​တွေကို အံ့အားသင့်​စေ​ခဲ့ပါတယ်​။

ထို drama မှာ မင်းသား Ji Sung နဲ့အပြိုင် ထူးချွန်တဲ့ သရုပ်​ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့တာ​ကြောင့် “Ji Sung အငယ်စား​လေး”လို့​တောင် နာမည်​ပြောင်ရခဲ့ပါ​သေးတယ်။ ဒါ့အပြင်စက်တင်ဘာလက ထုတ်လွှင့်ခဲ့တဲ့ “Yumi Cells” ဇာတ်လမ်းတွဲမှာလည်း ရုပ်​ချောပြီး သ​ဘော​ကောင်းတဲ့ လက်​ထောက်မန်​နေဂျာအဖြစ် ပီပြင်စွာ သရုပ်​ဆောင်ကာ ပရိသတ်​တွေရဲ့ အချစ်ကို ရယူခဲ့ပါ​သေးတယ်။

လက်ရှိမှာလည်း Jinyoung ဟာ “Yumi Cells Season 2” ကို ရိုက်ကူးလျက်ရှိပါတယ်။ ​ရှေ့​လျှောက် Jinyoung ရဲ့ ပိုမိုတိုးတက်လာမယ့်ပုံစံနဲ့ ဘယ်လို သရုပ်​ဆောင်စွမ်းရည်​တွေနဲ့ အံ့အားသင့်​အောင်လုပ်ဦးမလဲဆိုတာကို ပရိသတ်​တွေက ​စောင့်​မျှော်လျက်ရှိပြီး အနာဂတ်မှာ ​အောင်မြင်တဲ့ မင်းသားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ယူဆ​နေကြပါတယ်။

2. Rowoon (SF9)

Rowoon က​တော့ ၂၀၁၆ ခုနှစ်မှာ SF9 အဖွဲ့နဲ့ စပြီး ပွဲဦးထွက်တည်းက ​ချော​မောတဲ့ရုပ်ရည်၊ ​ယောကျ်ားပီသတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ deep voice တို့​ကြောင့် ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၇ ခုနှစ်မှာ “School 2017” ဇာတ်လမ်းတွဲနဲ့ သရုပ်​ဆောင်အဖြစ် စတင်ပွဲဦးထွက်ခဲ့ပြီး ပရိသတ်​​တွေ ပိုတိုးလာပါ​တော့တယ်။

အဲ့ဒီ​နောက် “Extraordinary You” ဇာတ်လမ်းတွဲမှာ ​ခေါင်း​ဆောင်မင်းသားဖြစ်လာခဲ့ပြီး ပရိသတ်​တွေရဲ့ နှလုံးသားကို ထပ်မံဖမ်းစားနိုင်ခဲ့ကာ တစ်ဟုန်ထိုး​အောင်မြင်​ကျော်ကြားလာခဲ့ပါတယ်။ ဒါ့​ကြောင့် သူဟာ “Best New Actor”, “Male Actor Idol of the Year”, “Male Idol Actor Award” စတဲ့ ဆု​တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ​တော့ JTBC က ပြသခဲ့တဲ့ “She Would Never Know” နဲ့ လက်ရှိပြသ​နေဆဲဖြစ်တဲ့ “The King’s Affection” တို့လို romance drama ​တွေမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်​ဆောင်ထားပြီး ​အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် ​နောက်နှစ်ထဲမှာ ပြသသွားမယ့် “Tomorrow” ဇာတ်လမ်းတွဲကိုလည်း မင်းသမီးကြီး Kim Hee Sun နဲ့ တွဲဖက်ရိုက်ကူးသွားမယ်လို့ ယခုလအစမှာ အတည်ပြုထားပါတယ်။ ဒါ​ကြောင့် လာမယ့် နှစ်အနည်းငယ်အတွင်း Rowoon ဟာလည်း K-drama ​​လောကမှာ ထိပ်တန်းမင်းသားတစ်ဦးဖြစ်လာမှာ မလွဲမ​သွေပါပဲ။

3. Junyoung (U-KISS, UNB)

​နောက်ဆုံးတစ်ဦးဖြစ်တဲ့ Junyoung က​တော့ ၂၀၁၈ ခုနှစ်က MBC ရုပ်သံလိုင်းရဲ့ “Goodbye to Goodbye” ဇာတ်လမ်းတွဲမှာ ထူးခွျန်တဲ့ သရုပ်​ဆောင် အရည်အချင်း​တွေကို ပြသခဲ့တာ​ကြောင့် သတင်း​ခေါင်းကြီးပိုင်း​တွေမှာ​တောင်ပါဝင်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး သူဟာ ဂီတပိုင်းမှာ​ရော သရုပ်​ဆောင်ပိုင်းမှာပါ အသိအမှတ်ပြုခံရဖို့ အစဉ်တစိုက် ကြိုးစားလာခဲ့ပါတယ်။

အဲ့ဒီ​နောက် “Class of Lies”, “Good Casting”, “Please Don’t Date Him” စတဲ့ drama ​တွေကို ရိုက်ကူးခဲ့သလို “Best New Actor” ဆုကိုလည်း ၃ ကြိမ်​တောင် ရရှိခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ​မေလမှာ KBS2 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “Imitation” ဇာတ်လမ်းတွဲမှာ နာမည်ကြီး idol Kwon Ryok အဖြစ် သရုပ်​ဆောင်ခဲ့ပြီး ​ချော​မောတဲ့ရုပ်ရည်နဲ့ သြဇာတိက္ကမတို့​ကြောင့် ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာခဲ့ပါတယ်။

ဒါ့အပြင် Junyoung ဟာ လက်ရှိ SBS က​နေ ပြသ​နေတဲ့ “Let Me Be Your Knight” ဇာတ်လမ်းတွဲမှာလည်း ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်​ဆောင်ထားပါ​သေးတယ်။၂၀၂၂ ခုနှစ်မှာလည်း Netflix က​နေ ပြသသွားမယ့် “Moral Sense” ဇာတ်လမ်းတွဲကိုလည်း Girls’ Generation အဖွဲ့ဝင် Seo Hyun နဲ့အတူ ရိုက်ကူးထားသလို မင်းသမီး Shin Hye Sun နဲ့ “Brave Citizens” ဆိုတဲ့ ရုပ်ရှင်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါ​သေးတယ်။

ဒီလို တစ်စထက်တစ်စ ​သရုပ်​ဆောင်​လောကထဲမှာ ​​နေရာယူလာတဲ့ Junyoung ဟာ မကြာခင် နှစ်အနည်းငယ်အတွင်းမှာ K-drama ​​လောကကို လွှမ်းမိုးနိုင်တဲ့ မင်းသားတစ်ဦးဖြစ်လာမယ်လို့ Sports DongA က ယုံကြည်​ထားပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL