Korean Celebrity

အဖွဲ့လိုက်လှုပ်ရှားမှု​တွေက​နေ အနားယူ​နေချိန်မှာ တခြားအလုပ်တစ်ခုကို လုပ်နေခဲ့တဲ့ TWICE အဖွဲ့ဝင် Jeongyeon

နိုဝင်ဘာလ ၁၆ ရက်​နေ့တုန်းက Associated Press က​နေ TWICE အဖွဲ့ဝင်​တွေနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးကို ​​ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ အင်တာဗျူးမှာ TWICE အဖွဲ့ဝင် Jeongyeon က သူမ TWICE အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှု​တွေက​နေ အနားယူ​နေချိန်မှာ ​ကော်ဖီဆိုင်တစ်ခုမှာ barista အဖြစ် လုပ်ကိုင်​နေခဲ့တယ်ဆိုပြီး ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

Jeongyeon ဟာ ယခုနှစ် သြဂုတ်လတုန်းက စိတ်ကျန်းမာ​ရေး​ကြောင့် အဖွဲ့လိုက်လှုပ်ရှားမှု​တွေက​နေ ​ခဏအနားယူခဲ့တာပါ။ ဒါ​ပေမဲ့ မကြာ​သေးခင်က “SCIENTIST” ဆိုတဲ့ TWICE အဖွဲ့ရဲ့ သီချင်းအသစ်အတွက် အနုပညာအလုပ်​တွေကို ပြန်လည်လုပ်ကိုင်​နေပြီဖြစ်ပါတယ်။

Jeongyeon ရဲ့ စကား​ကြောင့် အခြား TWICE အဖွဲ့ဝင်​တွေလည်း အ​တော်​လေး အံ့သြသွားပုံ​ပေါ်ပြီး သူမ barista လုပ်​နေတယ်ဆိုတာကို ယခင်က ကြိုပြီး မသိခဲ့ပုံပါပဲ။ Jeongyeon ဟာ သူမရဲ့ သူငယ်ချင်းကို ကူညီဖို့အတွက် barista အဖြစ် လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အနားယူဖို့ စီစဉ်ခဲ့​ပေမဲ့ သူငယ်ချင်းရဲ့ အခက်အခဲကို လျစ်လျူမရှုနိုင်ခဲ့ပါဘူး။

ဒီလို ကိုယ့်အ​ရေးထက် သူ့အ​ရေးကို ပိုဦးစား​ပေးတဲ့ သူငယ်ချင်း​ကောင်းကို ရထားတဲ့ Jeongyeon ရဲ့ သူငယ်ချင်းက အ​တော်​လေးကို ကံ​ကောင်းတယ်လို့ ဆိုရမှာပါ။ သူမ ဒီလို barista အဖြစ် လုပ်ကိုင်​နေတဲ့အချိန်အတွင်း ဆိုင်ကိုလာတဲ့ ဘယ်စားသုံးသူကမှ သူမကို မမှတ်မိခဲ့ဘူးလို့လည်း Jeongyeon က ​ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူမ အလုပ်လုပ်​နေစဉ်မှာ TWICE သီချင်း​တွေကို မဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။

ကမ္ဘာ​ကျော် K-Pop Idol တစ်​ယောက်က လူ​တွေမသိ​အောင် barista လုပ်​နေခဲ့တယ်ဆိုတဲ့အဖြစ်က တကယ်ကို အံ့အားသင့်စရာပါပဲ။ Jeongyeon အ​နေနဲ့ သူမကို တစ်​​ယောက်​ယောက်က မှတ်မိသွားမှာကိုလည်း အ​တော်​လေး စိုးရိမ်ခဲ့ရမှာပါ။ ဒါ​ပေမဲ့လည်း Idol အ​နေနဲ့မဟုတ်ပဲ ဒီလို သာမန်လူတစ်​ယောက်အ​နေနဲ့ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တာကို လုပ်ရဲတဲ့ သတ္တိရှိတာက​တော့ ချီးကျူးစရာပါပဲ။

Source : Kpopstarz
Photo : Pinterest
Written : ZL