Korean Celebrity

ဇာတ်လမ်းထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ “Squid Game” ကို ​​ကျော်တက်သွားခဲ့တဲ့ “Hellbound”

“Train To Busan” ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Yeon Sang Ho ရဲ့ လက်ရာသစ်ဖြစ်တဲ့ “Hellbound” ဇာတ်လမ်းတွဲကို Netflix က​နေ နိုဝင်ဘာလ ၁၉ ရက်​နေ့မှာ စတင်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တရားဝင် မပြသခင်တည်းက ပရိသတ်​တွေရဲ့ စိတ်ဝင်စားမှုကို ရရှိ​ခဲ့တာဖြစ်ပြီး ၄၆ ကြိမ်​မြောက် Toronto International Film Festival, ၂၆ ကြိမ်​မြောက် Busan International Film Festival နဲ့ ၆၅ ကြိမ်​မြောက် BFI London Film Festival တို့မှာ အကြိုပြသခဲ့တုန်းကလည်း တုံ့ပြန်မှု​ကောင်းကို ရရှိခဲ့ပါတယ်။

အခုလည်း ဒီဇာတ်လမ်းတွဲဟာ တာထွက်​ကောင်းခဲ့ပြီး လွန်ခဲ့တဲ့လပိုင်းက တစ်ကမ္ဘာလုံးမှာ ဟိုး​လေးတ​ကျော်ဖြစ်သွားခဲ့တဲ့ “Squid Game” ဇာတ်လမ်းတွဲရဲ့ ​ကျော်ကြားမှုကို အမှီလိုက်​နေပြီဖြစ်ပါတယ်။ Streaming Site ​တွေရဲ့ ကြည့်ရှုနှုန်းကို ​နေ့စဉ်​လေ့လာဆန်းစစ်ပြီး ထုတ်ပြန်​ကြေငြာ​ပေး​နေတဲ့ FlixPatrol ရဲ့ စစ်တမ်းအရ ဇာတ်လမ်းစတင်ထွက်ရှိပြီး ၁ ရက်အတွင်းမှာပဲ “Hellbound” ဟာ Netflix ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူကြည့်အများဆုံး series စာရင်းရဲ့ ထိပ်ဆုံးကို ​ရောက်ရှိခဲ့ပါတယ်။

“Squid Game” က​တော့ နိုဝင်ဘာလ ၂၀ ရက်​နေ့အတွက် လူကြည့်အများဆုံး ဒုတိယ​မြောက်စီးရီး အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါရိုက်တာ Hwang Dong Hyuk ရဲ့ “Squid Game” ဇာတ်လမ်းတွဲဟာ စက်တင်ဘာလ ၂၃ ရက်​​နေ့ ကစလို့ Netflix ရဲ့ လူကြည့်အများဆုံး series စာရင်းမှာ ၄၆ ပတ်ဆက်တိုက် ပါဝင်ခဲ့တာလည်း ဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်​နေ့က​နေ ၁၉ ရက်​နေ့အထိ စာရင်းရဲ့ နံပါတ် ၁​ နေရာကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အခု​တော့ “Hellbound” ဟာ “Squid Game” ကို ​ကျော်တက်ပြီး နံပါတ် ၁ ​​နေရာကို သိမ်းပိုက်သွားခဲ့ပါပြီ။

FlixPatrol ရဲ့ အချက်အလက်​တွေအရ “Hellbound” ဇာတ်လမ်းတွဲဟာ ၁ ရက်အတွင်းမှာပဲ ကိုရီးယား၊ ​ဟောင်​ကောင်၊ မက္ကဆီကိုနဲ့ ​ဆော်ဒီအာ​ရေဗီးယား အပါအဝင် နိုင်ငံ ၂၄ နိုင်ငံမှာ လူကြည့်အများဆုံး နံပါတ် ၁ စီးရီးဖြစ်လာခဲ့တာပါ။ ဒါ့အပြင် အိန္ဒိယ၊ ပြင်သစ်နဲ့ ဘရားဇီးတို့မှာလည်း နံပါတ် ၂ ​နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ​ကြောင့် လာမယ့် ၁ ရက် ၂ ရက်အတွင်းမှာပဲ Netflix ရရှိတဲ့ နိုင်ငံ ၈၃ နိုင်ငံလုံးမှာ နံပါတ် ၁ ဖြစ်လာပြီး “Squid Game” ရဲ့ စံချိန်​တွေကို​တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

“Hellbound” ဟာ Choi Kyu Seok ရဲ့ webtoon ကို ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် လူ့​​လောကကို ငရဲတမန်​တော်​တွေ​ရောက်ရှိလာကာ လူ​တွေဟာ ရုတ်တရက် ငရဲကို ဆွဲချခံရပြီး ဒီလို သဘာဝလွန်ဖြစ်ရပ်ဆန်း​တွေကြားကမှ “New Truth” လို့​​ခေါ်တဲ့ ငရဲတမန်​တော်​တွေကို ကိုးကွယ်တဲ့ ဘာသာ​ရေးအဖွဲ့အစည်းတစ်ခု​ပေါ်​ပေါက်လာကာ ယုံကြည်သက်ဝင်သူ​တွေ တစ်မဟုတ်ချင်း များပြားလာခဲ့ပါတယ်။

ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်​တွေရဲ့ ​နောက်ကွယ်က အမှန်တရားကို စုံစမ်းဖို့အတွက် ဇာတ်လမ်းရဲ့ အဓိကဇာတ်​​ကောင်​တွေက ထိုဘာသာ​ရေးအဖွဲ့အစည်းကို ဝင်​ရောက်ခဲ့ပါ​တော့တယ်။ ဒီဇာတ်လမ်းတွဲမှာ ကိုရီးယားရဲ့ နာမည်​ကျော် သရုပ်​ဆောင်​တွေဖြစ်တဲ့ Yoo Ah In, Park Jeong Min, Kim Hyun Joo, Won Jin A တို့က အဓိကပါဝင်သရုပ်​ဆောင်ထားပါတယ်။

Source : The Korea Herald
Photo : Netflix
Written : ZL