Korean Celebrity

“Now, We are Breaking Up” drama မှာ Song Hye Kyo ဝတ်ဆင်သုံးစွဲခဲ့တဲ့ တန်ဖိုးကြီး အဆင်တန်ဆာများ

“Now, We are Breaking Up” ဇာတ်လမ်းတွဲထဲက Song Hye Kyo ရဲ့ ရိုးရှင်းပြီး အထက်တတန်းဆန်တဲ့ ဖက်ရှင်နဲ့ ဝတ်စားဆင်ယင်ပုံ​တွေဟာ ပထမဆုံးအပိုင်းကစလို့ ကြည့်ရှုသူ​တွေကို ဆွဲ​ဆောင်နိုင်ခဲ့ပါတယ်။ ထိုဇာတ်လမ်းထဲမှာ Song Hye Kyo ဟာ ပြည်တွင်းဖက်ရှင် brand တစ်ခုရဲ့ ဒီဇိုင်းအဖွဲ့​ခေါင်း​ဆောင် Ha Young Eun အဖြစ် သရုပ်​ဆောင်ထားရတာ​ကြောင့် ကျက်သ​ရေရှိပြီး ရင့်ကျက်​အောင် ဝတ်စားရပြီး တည်ငြိမ်တဲ့အ​ရောင်​တွေကို အများဆုံး ​ရွေးခြယ်အသုံးပြုရပါတယ်။

ပရိသတ်​တွေဟာ ဒီဇာတ်ကားထဲမှာ သူမဝတ်စားဆင်ယင်ထားတဲ့ အဝတ်အစား၊ အသုံး​အ​​​ဆောင်​တွေက ကမ္ဘာ​ကျော်ဇိမ်ခံ brand ​တွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေဆိုတာကိုလည်း ကြိုတင်ရိပ်စားမိကြပါတယ်။ အထူးသဖြင့် Song Hye Kyo ဟာ Fendi နဲ့ Michaa တို့ရဲ့ ​ambassador ဖြစ်တာ​ကြောင့် ဒီဇာတ်ကားထဲမှာ အဲ့ဒီ brand ​တွေက အဝတ်အစား​တွေကို အများဆုံး ဝတ်ဆင်တာကို ​တွေ့ရပါတယ်။

ဒီ brand ၂ ခုအပြင် emis, RECTO, ZARA စတဲ့ brand ​တွေကိုလည်း ဝတ်ဆင်ခဲ့ပါတယ်။ ဒါ​ပေမဲ့ ဒီတန်ဖိုးကြီး အဝတ်အစား​တွေထက် ပရိသတ်​တွေရဲ့ အာရုံကို ပိုပြီး ဖမ်းစားနိုင်ခဲ့တာက​တော့ ရိုးရှင်းပြီး စတိုင်ကျတဲ့ နားကပ်၊ ဟန်းချိန်း၊ နာရီတို့လို အဆင်တန်ဆာတွေပဲဖြစ်ပါတယ်။ ဒီလို အဆင်တန်ဆာ​တွေကိုလည်း ​ရွှေ​ရောင်၊ ​ငွေ​ရောင်စတဲ့ တည်ငြိမ်တဲ့အ​ရောင်​တွေကိုပဲ အသုံးပြုထားပါတယ်။

ပြင်သစ် luxury လက်ဝတ်ရတနာ brand ဖြစ်တဲ့ Chaumet ဟာ သူတို့ရဲ့ ထုတ်ကုန်​တွေကို အချိန်အ​တော်ကြာ Song Hye Kyo နဲ့ ​ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် ဒီ brand ရဲ့ အထက်တန်းဆန်ပြီး အမြင်မရိုင်းတဲ့ လက်ဝတ်ရတနာ​တွေက သူမရဲ့ ဇာတ်​ကောင်နဲ့ အလိုက်ဖက်ဆုံးဖြစ်​နေတာ​ကြောင့် Chaumet က နားကပ်၊ နာရီ၊ ဆွဲကြိုး၊ ဟန်းချိန်း​တွေကို အဓိကဝတ်ဆင်တာကို မြင်​တွေ့ရမှာပါ။ ဒါ​ပေမဲ့ အားလုံးသိကြတဲ့အတိုင်း ဒီအဆင်တန်ဆာတွေရဲ့ ​စျေးကလည်း မ​သေးလှပါဘူး။ ပထမဆုံးအပိုင်းမှာ သူမ ဝတ်ဆင်ခဲ့တဲ့ Rose Gold ​ဆွဲကြိုး​လေးဟာဆိုရင် ​ဒေါ်လာ ၂၅၀၀ တန်ဖိုးရှိပါတယ်။

​​နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုမှာ ဝတ်ဆင်ခဲ့တဲ့ စိန်စီထားတဲ့ Chaumet Joséphine Aigrette နာရီက​တော့ ​​ဒေါ်လာ ၁၂၀၀၀ ​ကျော် တန်ဖိုးရှိပါတယ်။ သူ့ထက်​ ​စျေးကြီးတာက​တော့ Chaumet Bolero နာရီဖြစ်ပြီး ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ၂၃၃၀၀ ​ကျော် ရှိပါတယ်။

​နောက်ထပ် အပိုင်း ၁ မှာပဲ ဝတ်ဆင်ခဲ့တဲ့ ​ငွေ​ရောင် Class One Medium နာရီနဲ့ Bee My Love လက်​ကောက်တို့ဟာဆိုရင် ​စုစု​ပေါင်း ​ဒေါ်လာ ၁၁၀၀၀ ​ကျော်​လောက်ကျသင့်ပါတယ်။ ဒီနာရီနဲ့ လက်​ကောက်တို့ရဲ့ တွဲဖက်မှုဟာ သူမရဲ့ အသွင်အပြင်ကို ပြီးပြည့်စုံသွား​စေပြီး ပိုအမြင်ဆန်းသွား​စေခဲ့ပါတယ်။

ဒါ့အပြင် Song Hye Kyo ဟာ ဒီဇာတ်ကားမှာ Chaumet က နားကပ်​တွေကိုလည်း ဝတ်ဆင်ခဲ့ပါ​သေးတယ်။ အပိုင်း ၁ မှာ သူမဝတ်ဆင်ခဲ့တဲ့ “Promenade Impériale” နားကပ်ဟာဆိုရင် တန်ဖိုးသတ်မှတ်လို့​​တောင် မရပါဘူး။ ​​​နောက်ပြီး အပိုင်း ၂ မှာ ဝတ်ဆင်ခဲ့တဲ့ ​ဒေါ်လာ ၈၀၀၀ ​ကျော်တန် “Bee My Love” နားဆွဲဆိုရင်လည်း ​ရိုးရှင်းပြီး တင့်တယ်တဲ့ ဒီဇိုင်းကြောင့် ပရိသတ်​တွေရဲ့ အမြင်အာရုံကို ဆွဲ​ဆောင်နိုင်ခဲ့ပါတယ်။

သူမဟာ Chaumet အပြင် Jean Paul Clarisse က နားကပ်​တွေကိုလည်း ဝတ်ဆင်ခဲ့ပါ​သေးတယ်။ “Now, We Are Breaking Up” ရဲ့ အပိုင်း ၄ အထိကို ထို brand က Bold Chain နားကပ် (ဝမ် ၁၄၅၀၀၀)၊ Bold Plump Half Ring နားကပ် (ဝမ် ၁၃၅၀၀၀)၊ Bold Square Half Ring နားကပ် (ဝမ် ၁၃၅၀၀၀)၊ Natural Bold Ring နားကပ် (ဝမ် ၁၃၅၀၀၀) တို့နဲ့ ပိုပြီး အမြင်ဖက်ရှင်ကျအောင် အလှဆင်ခဲ့တာကို ​တွေ့ရပါတယ်။

ဒီလိုမျိုး လက်ဝတ်ရတနာ​တွေအပြင် ​အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ မိန်းက​လေးတစ်​​ယောက်ရဲ့ အသွင်အပြင်ကို ပြီးပြည့်စုံ​အောင် ပံ့​ပို့​ပေးနိုင်တာက​​တော့ လက်ကိုင်အိတ်​တွေပါပဲ။ ဒါ​ပေမဲ့ ဒီဇာတ်ကားထဲမှာ Song Hye Kyo ဟာ “Hometown Cha Cha Cha” ထဲက Shin Min Ah တို့ “Crush Landing On You” ထဲက Son Ye Jin တို့နဲ့ မတူပဲ အိတ်ကို သိပ်ပြီး အသုံးမပြုတာကိုလည်း ထူးထူးခြားခြား ​တွေ့ရပါတယ်။ သူမ ကိုင်​​​ဆောင်တဲ့ အိတ်​တွေဟာလည်း Fendi နဲ့ Hermes တို့လို ကမ္ဘာ​ကျော် ဒီဇိုင်နာအိတ်​တွေဖြစ်ပါတယ်။

Song Hye Kyo ဟာ ဒီဇာတ်ကားမှာ တခြားမင်းသမီးနဲ့ ကွဲပြား​​အောင် အိတ်​တွေထက် အခြားလက်ဝတ်ရတနာ​တွေကို ပိုပြီး အသား​ပေးချင်ပုံရပါတယ်။ ​နောက်ထပ် ထုတ်လွှင့်မယ့် အပိုင်း​တွေမှာလည်း ဘယ်လို စတိုင်ကျလှပပြီး တန်ဖိုးကြီးတဲ့ အဝတ်အစား၊ အသုံးအ​ဆောင်​တွေကို ဝတ်စားဆင်ယင်ပြဦးမလဲဆိုတာလည်း ဖက်ရှင်ချစ်သူ​တွေအတွက်​​ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။

Source : Kbizoom
Photo : kdrama_fashion, songhyekyostyle
Written : ZL