Korean Celebrity

ကံကြမ္မာရဲ့ သား​ကောင်ဖြစ်ခဲ့ရရှာသူ ငွေကြယ်ပွင့်​လေး Goo Hara သို့ ၂ နှစ်ပြည့် တမ်းတခြင်း

၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်​နေ့က ​တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူမြို့မှာ ​မွေးဖွားခဲ့တဲ့ ​​Goo Hara ဆိုတဲ့ ကောင်မ​လေးဟာဆိုရင် အသက် ၈ နှစ်အရွယ်မှာ မိဘ​တွေရဲ့ ကွာရှင်းမှု​ကြောင့် အဘွားလက်​ပေါ်မှာပဲ ကြီးပြင်းခဲ့ရပါတယ်။ အထက်တန်း​​ကျောင်းသူအရွယ်​ရောက်လာတဲ့ အချိန်မှာ​တော့ ဆိုးလ်မြို့မှာ ပညာဆက်လက်သင်ကြားပြီး လူ​ရွေး​ပွဲတွေ ဝင်​ဖြေခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၈ ခုနှစ်မှာ KARA ရဲ့ အဖွဲ့ဝင်အသစ်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။ KARA ဟာ ကိုရီးယားပြည်တွင်းမှာတင်မက အာရှနိုင်ငံ​တွေမှာလည်း ​အောင်မြင်​ကျော်ကြားလူကြိုက်များခဲ့တာ​ကြောင့် Hara ကလည်း ပရိသတ်​တွေရဲ့ အချစ်ကိုလည်း လက်ခံရရှိခဲ့ကာ ​တောက်ပတဲ့ ​ငွေကြယ်ပွင့်​​လေးတစ်​ပွင့်ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ​တော့ တစ်ကိုယ်​တော်အဆိုရှင်အ​နေနဲ့ ပွဲဦးထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ အနုပညာအလုပ်​တွေကို ဆက်လက်လုပ်​ဆောင်ခဲ့ပါတယ်။ Hara ရဲ့ အနုပညာလမ်းခရီးက​ ​သာယာ​ဖြောင့်ဖြူး ပေမဲ့ သူမရဲ့ ကိုယ်ပိုင်ဘဝ​လေးက​တော့ ထင်သ​လောက် ​ပျော်ရွှင်စရာမ​ကောင်းခဲ့ပါဘူး။ ရည်းစား​ဟောင်းဖြစ်သူရဲ့ အနိုင်ကျင့်မှု​တွေ၊ ယုတ်မာမှု​တွေကို ခံခဲ့ရတဲ့အတွက် အမှုအခင်း​တွေကို ရင်ဆိုင်ခဲ့ရသလို Hara ဟာ နစ်နာသူဖြစ်​ပေမဲ့ အင်တာနက်သုံးစွဲသူ​တွေရဲ့ ​ဝေဖန်ပြစ်တင်မှု​တွေကိုလည်း ခံခဲ့ရပါတယ်။

ဒီလို ဖိအား​တွေ​၊ စိတ်ဖိစီးမှု​တွေကြောင့်ပဲ သူမဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်​နေ့မှာ ​လူ့​လောကကြီးက​နေ အပြီးအပိုင်ထွက်ခွာသွားခဲ့ပါ​တော့တယ်။ Hara ကို Cheongdam-dong, Gangnam-gu, Seoul မှာရှိတဲ့ သူမရဲ့ ​နေအိမ်မှာပဲ ​သေဆုံးလျက်​တွေ့ရှိခဲ့ရတာဖြစ်ပြီး သေတမ်းစာကိုလည်း ရှာ​​တွေ့ခဲ့ပါတယ်။ ​

Hara တစ်ယ​ောက် ကွယ်လွန်ချိန်မှာ အသက် ၂၈ နှစ်သာရှိပါ​သေးတယ်။ ဒီရုတ်တရက်ဆန်လွန်းတဲ့ ကိစ္စဟာ ထိုအချိန်က ​ဖျော်​ဖြေ​ရေး​လောကတစ်ခုလုံးနဲ့ K-Pop ပရိသတ်​​တွေကို အ​တော်​လေး ​ရှော့ခ်ရ​စေခဲ့ပြီး ဝမ်းနည်းပူ​ဆွေး​စေခဲ့ပါတယ်။

အဲ့ဒီအချိန်က ဂျပန်မီဒီယာတစ်ခုရဲ့ ​​​ရေးသား​ဖော်ပြချက်အရ Goo Hara ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်​နေ့က Zepp Tokyo မှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ ဂျပန် တစ်ကိုယ်​တော် concert မှာ ပရိသတ်​တွေရဲ့ အား​ပေးမှု​ကြောင့် မျက်ရည်ကျခဲ့ပြီး “ဘယ်သူမှ စိတ်မပျက်​​အောင်လို့ ကျွန်မရဲ့ တိုးတက်မှုကို ဂျပန်မှာ ပြသချင်တယ်” လို့ ​​​ပြောကြားသွားခဲ့​ကြောင်းလည်း သိရပါတယ်။ ဒီ​နေ့ဟာဆိုရင် နိုဝင်ဘာလ ၂၄ ရက်​နေ့ဖြစ်တဲ့အတွက် H​ara တစ်​​ယောက် ​ပရိသတ်​တွေကို ခွဲခွာသွားခဲ့တာ ၂ နှစ်ပြည့်ပြီလည်းဖြစ်ပါတယ်။

ဒါ​ကြောင့် Goo Hara ရဲ့ အကိုဖြစ်သူ Goo Ho In က ဦးစီးပြီး သူမ ​ရေးဆွဲခဲ့တဲ့ ပန်းချီကား ၁၀ ချပ်ကို ဒီ​​နေ့ကစပြီး ​လေလံတင်သွားမှာဖြစ်ပါတယ်။ ​Goo Ho In ဟာ သူ့ညီမရဲ့ လက်ရာ​တွေကို ​လောကကြီးက ပိုသိပြီး အခုထက်ပို​တောက်ပ​စေချင်တယ်လို့ ဆိုပါတယ်။ လေလံတင်လို့ ရရှိလာတဲ့ အကျိုးအမြတ်ထဲက ​ဝေစုတစ်ခုကို​​တော့ တစ်ကိုယ်​တော် မိဘ​တွေလက်ထဲမှာ ကြီးပြင်းလာခဲ့ရတဲ့ က​လေးသူငယ်​တွေကို ​ထောက်ပံ့ဖို့ “Florence” ဆိုတဲ့ ပရဟိတအဖွဲ့အစည်း​ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Hara တစ်​ယောက်လည်း အခုအချိန်​လောက်ဆို အမြင့်တစ်​နေရာမှာ လွတ်လပ်စွာ ပျံသန်းရင်း ​ကမ္ဘာ​မြေကြီးကို ပြုံးပြနှုတ်ဆက်​နေမယ်လို့ ထင်ပါတယ်။ ​နောက်ဘဝဆိုတာ ရှိခဲ့ရင်လည်း ချစ်ခြင်း​မေတ္တာကို အပြည့်အဝခံစားရပြီး ​ပျော်ရွှင်စရာ ဘဝ​လေးကို ပိုင်ဆိုင်နိုင်ပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်။

Source : Kbizoom, Wikipedia
Photo : Pinterest
Written : ZL