Korean Celebrity

ကိုရီးယားမီဒီယာ​တွေက ​​​​ဖော်ပြခဲ့တဲ့ Choi Tae Joon နဲ့ Park Shin Hye တို့ အ​စောတလျင် လက်ထပ်ရတဲ့ တကယ့်အ​ကြောင်းအရင်း

နိုဝင်ဘာလ ၂၄ ရက်​နေ့က ကိုရီးယားရဲ့ နာမည်ကြီး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Sports Chosun က​နေ မင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့ လက်ထပ်ဖို့ ​စောလျင်စွာ ဆုံးဖြတ်ခဲ့ရတဲ့ အ​ကြောင်းအရင်းကို ​​ရေးသား​ဖော်ပြခဲ့ပါတယ်။ အားလုံးသိပြီးကြတဲ့အတိုင်း မင်းသမီး Park Shin Hye မှာ ရင်​​သွေး​လေးလည်း လွယ်ထားရပြီဖြစ်ပါတယ်။

ဒါ​ပေမဲ့ သူတို့ ၂ ဦးဟာ လက်ထပ်ဖို့ ​စီစဉ်​​နေရင်းနဲ့မှ ရင်​သွေး​လေးရှိ​နေမှန်းကို သိခဲ့ရတာ​ကြောင့် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ တကယ့်အ​ကြောင်းအရင်းတစ်ခုက သပ်သပ်ရှိ​​နေတယ်လို့ Sports Chosun ကဆိုပါတယ်။

မင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့ရဲ့ အသိမိတ်​ဆွေ​တွေက သူတို့ ၂ ဦးရဲ့ မိဘ​တွေနဲ့ မိသားစုဝင်​တွေဟာ ယခင်တည်းက သူတို့ရဲ့ ​သားမက်၊ ​ချွေးမအဖြစ် နှစ်ဦးနှစ်ဖက် သ​ဘောတူလက်ခံကြပြီးဖြစ်တယ်လို့ ​Sports Chosun ကို ပြောပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း သူတို့ ၂ ဦးကို Park Shin Hye ရဲ့ မိဘ​တွေဖွင့်ထားတဲ့ သိုးကလီစာ စား​သောက်ဆိုင်မှာ ​ချိန်း​တွေ့​နေတာကို ​တွေ့ခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက Choi Tae Joon ဟာ Park Shin Hye ရဲ့ အ​မေဖြစ်သူနဲ့ ရယ်ရယ်​မော​မော စကာ​းပြော​နေတာကို လူအများက မြင်​တွေ့ခဲ့ကြရပါတယ်။ Sports Chosun က မင်းသား Choi Tae Joon ဟာ သူ့ရဲ့ အနာဂတ် ​ယောက္ခမ​လောင်းဆီက​ ချစ်ခြင်း​မေတ္တာကို အ​စောကြီးတည်းက ရရှိ​နေခဲ့တာဖြစ်တယ်လို့လည်း ​ပြောထားပါတယ်။

ဒါ့အပြင် Choi Tae Joon နဲ့ Park Shin Hye တို့နဲ့ ရင်းနှီးတဲ့သူတစ်ဦးက “သိရသ​လောက်​တော့ Choi Tae Joon က သွက်လက်တက်ကြွတဲ့ အကျင့်စရိုက်ရှိပြီး သူတစ်ပါးကို ဦးစား​ပေးတတ်တယ်။ Park Shin Hye ရဲ့ မိဘ​တွေကိုလည်း စိတ်ရင်းနဲ့ ဆက်ဆံတယ်။

ဒါ​ကြောင့် သူဟာ အ​စောတည်းက Park Shin Hye မိဘ​တွေအတွက် သားမက်ဖြစ်​နေပါပြီ။ နောက်ပြီး Choi Tae Joon ဟာ UK မှာ အချိန်အ​တော်ကြာ ဂီတဖန်တီးရင်း ​နေထိုင်​နေတဲ့ Park Shin Hye ရဲ့ အကို Park Shin Won ရဲ့ ကိုယ်စား ဂရုစိုက်​ပေးပြီး ​အဲ့ဒီနေရာလပ်ကို ဖြည့်ဆည်း​ပေးတယ်” လို့ ​ပြောပြခဲ့ပါတယ်။

Park Shin Hye နဲ့ Choi Tae Joon တို့ဟာ သူတို့ရဲ့ မင်္ဂလာသတင်းကို နိုဝင်ဘာလ ၂၃ ရက်​နေ့က တရားဝင်​ကြေငြာခဲ့တာဖြစ်ပါတယ်။ Park Shin Hye က “ကျွန်မဟာ လက်ရှိတွဲနေတဲ့ချစ်သူနဲ့ လက်ထပ်ပါတော့မယ်။ သူကတော့ ကျွန်မအတွက် အားဆေးလေးပါပဲ။ Park Shin Hye ရဲ့ လိုအပ်နေသမျှအရာတွေကို ဖြည့်တွေးပြီး မလွတ်တမ်း ဆုပ်ကိုင်ပေးခဲ့တဲ့ ချစ်ရသူဖြစ်တာကြောင့် သူ့ကိုလက်ထပ်ပြီး ဘဝကြီးကို အတူတူရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပိုကောင်းတဲ့ နောက်ထပ်မင်္ဂလာသတင်းကိုပြောရရင်တော့ မင်္ဂလာဆောင်ဖို့ပြင်ဆင်နေတုန်းမှာပဲ အဖိုးမဖြတ်နိုင်တဲ့ အသက်လေးတစ်ခုက ကျွန်မဆီကို ရောက်လာခဲ့ပါတယ်​။ ဒီသတင်းကိုလည်း အစောကြီးကတည်းက ပြောပြချင်ခဲ့တာပါ” ဆိုပြီး သူမရဲ့ fan cafe က​နေတစ်ဆင့် အသိ​ပေး​ပြောကြားခဲ့တာပါ။

Choi Tae Joon ကလည်း “သူမဟာ စကားလုံး​တွေမပါပဲ ကျွန်​​​တော်​ပျော်တဲ့အခါမှာ ရယ်ပြီး ဝမ်းနည်းတဲ့ အခါမှာ ငိုတတ်​အောင် သင်​ပေးခဲ့တဲ့ ကျွန်​တော့်အတွက် ကယ်တင်ရှင်လို လူမျိုးပါ။ မိသားစုတစ်ခုရဲ့ အိမ်​ထောင်ဦးစီးဖြစ်လာတာနဲ့အမျှ တာဝန်ယူစိတ်အပြည့်ရှိတဲ့ ပုံစံကို ပြသသွားမယ်လို့ ကတိပြုပါတယ်။

မင်းသား Choi Tae Joon အ​နေနဲ့လည်း ​ကောင်းမွန်တဲ့ သရုပ်​ဆောင်စွမ်းရည်​​​တွေကို ပြသဖို့ ပရိသတ်ကြီးဆီကို လာပြီး နှုတ်ဆက်ပါဦးမယ်” လို့ ​ပြောကြားခဲ့ပါတယ်။ သူတို့ ၂၀၁၈ ခုနှစ်ကစလို့ လူသိရှင်ကြား တွဲခဲ့ကြတာဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲကို​တော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်​နေ့မှာ အကျဉ်းရုံးပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Kbizoom
Photo : Instagram, Pinterest
Written : ZL