အဆင်လေး (၃) ဦးနဲ့ ရိုက်ကူးတင်ဆက်သွားမယ့် ကိုရီးယားနန်းတွင်း BL စစ်စစ် ဇာတ်လမ်းသစ်

BL ကားတွေကို တဖြည်းဖြည်းချင်း ရိုက်ကူးလာတဲ့နောက် ကိုရီးယားထုတ်လုပ်ရေးဖက်ကလည်း နန်းတွင်း BL ကားများရိုက်ကူးထုတ်လုပ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အဓိကဇာတ်လိုက်တွေအဖြစ် A.C.E’s Jun, Yoo Hyun Woo နဲ့ Kim Tae Jung တို့က ပါဝင်မှာဖြစ်ပြီး “Tinted With You” ဆိုတဲ့ BL ကားကို အသက်သွင်းတော့မှာပါ။

November 30 ရက်နေ့တုန်းက BL web dramas တွေဖြစ်တဲ့ “Wish You: Your Melody From My Heart,” “Nobleman Ryu’s Wedding,” နဲ့ “The Tasty Florida,” တို့ကို ထုတ်လုပ်ခဲ့တဲ့ Moving Pictures Company ဟာရှေးဟောင်း နန်းတွင်း BL ဇာတ်လမ်းမျိုးဖြစ်တဲ့ “Tinted With You” ကို ထုတ်လုပ်ရိုက်ကူးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

“Tinted With You” ဟာ ဒုတိယမြောက် နန်းတွင်း BL ကားဖြစ်ပြီး အရင်က “Nobleman Ryu’s Wedding” လည်း ထွက်ရှိဖူးပါတယ်။ အချိန်စက်ဝန်းချွတ်ချော်မှုဖြစ်ပွားခဲ့ပြီးနောက် ရှေးခေတ်က အသက်အန္တရာယ်ရှိနေတဲ့ တော်ဝင်မင်းသား Heon, သက်တော်စောင့် Geum နဲ့ မျက်မှောက်ခေတ်ရဲ့ အထက်တန်းကျောင်းသားလေး Eun Ho တို့ ‌ဆုံတွေ့ဖို့ဖြစ်ခဲ့ကြပြီး လှပတဲ့ BL ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပေါ်ခဲ့ပါတယ်။

A.C.E အဖွဲ့ဝင် Jun ကတော့ ပန်းချီတွေကို မြတ်နိုးနှစ်သက်တဲ့ အထက်တန်းကျောင်းသားလေး Eun Ho အဖြစ် ရိုက်ကူးတော့မှာပါ။ ကျောင်းသားလေး Eun Ho ကတော့ မျက်မှောက်ခေတ်ကိုပြန်ရောက်ဖို့အတွက် မပြီးဆုံးသေးတဲ့ပန်းချီကို လက်စသတ်နေစဉ် မိမိချစ်ရသူတွေကို ကာကွယ်စောင့်ရှောက်သွားတဲ့ အချစ်ကြီးသူလေးဖြစ်လာခဲ့ပါတယ်။

မင်းသား Yoo Hyun Woo ကတော့ ဘုရင်ဖြစ်သူ အစ်ကိုတော်ရဲ့ အသက်အန္တရာယ်‌ခြိမ်းခြောက်မှုကို နေ့တိုင်းခံစားနေရသူ နန်းကျအိမ်ရှေ့စံမင်းသား Heon အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ ပြည်နှင်ဒဏ်ခံထားရတဲ့ တော်ဝင်မင်းသားလေးဟာ အချိန်စက်ဝန်းချွ‌တ်ချော်မှုကြောင့် ရှေးခေတ်ကိုရောက်လာခဲ့တဲ့ အထက်တန်းကျောင်းသားလေး Eun Ho ကို စာနာသနားရင်း ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။

“Extraordinary You” ထဲမှာ လူသိများလာခဲ့တဲ့ Kim Tae Jung ကတော့ တော်ဝင်မင်းသားရဲ့ သက်တော်စောင့် Geum ဖြစ်လာမှာပါ။ လုပ်ကြံသတ်ဖြတ်သူတွေကြားကနေ မင်းသားကို ကာကွယ်စောင့်ရှောက်ပေးမယ့်သူပေါ့။ ခံစားချက်တွေ‌ကိုဖော်ပြတဲ့နေရာမှာ မကျွမ်းပေမဲ့ အိမ်ရှေ့စံ Heon ကိုတော့ အခြားသူများထက်တောင် ရင်ထဲအသည်းထဲရဲ့ အနက်ရှိုင်းဆုံးကနေ စိတ်ပူပြီး ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ အနီးကပ်ချစ်တတ်သူကြီးပါပဲ။

နန်းကျအိမ်ရှေ့စံမင်းသား၊ သက်တော်‌စောင့်နဲ့ အထက်တန်းကျောင်းသားလေး‌တို့ရဲ့ (၃) ပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုတော့ ရှေးဟောင်းပုံစံမျိုးနဲ့ တမြည့်မြည့်ချင်း ကြည့်ရတော့မှာဖြစ်ပါတယ်။ “Tinted with You” ကတော့ December 23 ရက်နေ့ကနေစပြီး အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တိုင်းမှာ ကြည့်နိုင်မှာဖြစ်ပါတယ်။ BL ဇာတ်လမ်းကောင်းတွေကိုမှ ကြည့်ရှုချင်သူတွေအဖို့ ရင်တထိတ်ထိတ်နဲ့ ကြည့်နိုင်အောင် သတင်းကောင်းပါးလိုက်ပါပြီ။

Source: Soompi
Photos: Soompi
Translated by Ivy