ကမ္ဘာ့အလယ်မှာ ကိုရီးယားရုပ်ရှင်​လောကရဲ့ ဂုဏ်ကို ထပ်မံမြှင့်တင်​ပေးနိုင်ခဲ့ပြန်တဲ့ “Squid Game”

နိုဝင်ဘာလ ၂၉ ရက်​နေ့တုန်းက ၃၁ ကြိမ်​မြောက် Gotham Independent Film Awards ပွဲကို New York မြို့ Wallstreet, Cipriani မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ Netflix ရဲ့ ကမ္ဘာ​ကျော် ကိုရီးယားစီးရီး ‘Squid Game’ က ‘Breakthrough Series – over 40 minutes’ ဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီဆုအတွက် Showtime ရဲ့ ‘The Good Lord Bird,’ HBO Max ရဲ့ ‘It’s a Sin,’ Amazon Studio ရဲ့ ‘Small Axe’ နဲ့ ‘Underground Railroad’ နဲ့ HBO Max ရဲ့ ‘The White Lotus’ စတဲ့ စီးရီး​တွေကလည်း ဇကာတင်ဝင်ခဲ့ပြီး ​နောက်ဆုံးမှာ​တော့ “Squid Game” ကပဲ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲကို Siren Pictures ထုတ်လုပ်​ရေးကုမ္ပဏီရဲ့ CEO Kim Ji Yeon, “Squid Game” ဒါရိုက်တာ Hwang Dong Hyuk နဲ့ “Squid Game” သရုပ်​ဆောင်​တွေဖြစ်ကြတဲ့ မင်းသားကြီး Lee Jung Jae နဲ့ မင်းသမီး Jung Ho Yeon တို့က တက်​ရောက်ကာ ဆုလက်ခံရယူခဲ့ပြီး သူတို့ရဲ့ ​ရင်တွင်းစကားကို မျှ​ဝေခဲ့ကြပါတယ်။

အရင်ဆုံး CEO Kim Ji Yeon က “စက်တင်ဘာလ ၁၇ ရက်​နေ့မှာ ‘Squid Game’ ကို စတင်ပြသတည်းက ဆန်းကြယ်တဲ့ဖြစ်ရပ်​တွေ ​ပေါ်​ပေါက်လာခဲ့တယ်။ အကြီးမားဆုံး ဆန်းကြယ်မှုက​တော့ ဒီကိုရီးယားဇာတ်လမ်းတွဲ ​​သေး​သေး​လေးက ကမ္ဘာကြီးတစ်ခုလုံးကို ​ရောက်ရှိခဲ့တာပါပဲ။ တစ်ကမ္ဘာလုံးက ပရိသတ်​တွေက သူတို့ရဲ့ အား​ပေးမှုကို ပြသခဲ့ကြတယ်။

ကျွန်​တော်လည်း ‘Squid Game’ ပရိသတ်​တွေကို ကျွန်​တော် တတ်နိုင်သ​မျှနည်းနဲ့ ​ကျေးဇူးတင်​ကြောင်း ​​​ဖော်ပြချင်ပါတယ်။ ဒါရိုက်တာ Hwang က တကယ့်ကို ဉာဏ်ကြီးရှင်တစ်​​ယောက်ပါ။ ကျွန်​တော်တို့နဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး ကိုယ်တာဝန်ယူထားတဲ့​​ နေရာကိုယ်စီက​​နေ အ​ကောင်းဆုံး teamwork ကို ပြသခဲ့ကြတဲ့ သရုပ်​ဆောင်​တွေ၊ ဝန်ထမ်း​တွေအားလုံးကို ​ကျေးဇူးတင်​ကြောင်း ​ပြောချင်ပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ Hwang ကလည်း “ကျွန်​တော် ဇာတ်ညွှန်းကို ၂၀၀၉ ခုနှစ်မှာ စ​ရေးခဲ့တယ်။ လူတစ်ချို့ကလည်း ဇာတ်လမ်းက အရမ်းကြမ်းပြီး လက်​တွေ့မဆန်ဘူးလို့ ​ပြောခဲ့ကြတယ်။ ဒါ​ပေမဲ့ အခု​တော့ ဒီစီးရီးက ကမ္ဘာ​ပေါ်မှာ အ​​ကျော်ကြားဆုံး ဇာတ်လမ်းတွဲဖြစ်လာခဲ့ပါပြီ။ကျွန်​တော် တကယ် ​ကျေးဇူးတင်ပါတယ်​။ ဒါက ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုပါပဲ။  ကျွန်​တော် ​ပြောနိုင်တဲ့ တစ်ခုတည်း​သောအရာက ​’ကျေးဇူးတင်တယ်’ ဆိုတာပါပဲ။

ကျွန်​တော်တို့ ဇာတ်လမ်းတွဲကို ကြည့်ရှုပြီး ချစ်နှစ်သက်​ပေးကြလို့ ​ကျေးဇူးတင်ပါတယ်” ဆိုပြီး ​သူ့ရဲ့ ​ကျေးဇူးတင်စကားကို မျှ​ဝေသွားခဲ့ပါတယ်။ အခုဆိုရင် “Squid Game” ဟာ Gotham Awards မှာ ဆုရရှိတဲ့ ပထမဆုံး ကိုရီးယားစီးရီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မင်းသား Lee Jung Jae ဟာလည်း ဒီဆု​ပေးပွဲမှာ ‘Outstanding Performance in a New Series’ ဆုအတွက် ဇကာတင်ဝင်ခဲ့​ပေမဲ့ စိတ်မ​ကောင်းစွာပဲ ဒီဆုကို ‘The Underground Railroad’ က Thuso Mbedu နဲ့ ‘The Good Lord Bird’ က Ethan Hawke တို့က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL