Celebrity News

SHINee’s Minho နဲ့အတူ လူငယ်အချစ်ဇာတ်လမ်းလေး ရိုက်ကူးသွားမယ့် Kim Min Kyu

SHINee အဖွဲ့ဝင် Minho နဲ့ မင်းသမီး Chae Soobin တို့ဟာ Netflix စီးရီးဖြစ်တဲ့ ‘The Fabulous’ ကို တွဲဖက်ရိုက်ကူးမယ့်အကြောင်း နိုဝင်ဘာလတုန်းက အတည်ပြုခဲ့ပြီးပါပြီ။ ဒီဇင်ဘာမှာတော့ လက်ရှိနာမည်ကြီးရေပန်းစားနေတဲ့ တက်သစ်စမင်းသားလေး Kim Min Kyu ကလည်းပဲ အဓိကဇာတ်လိုက်နေရာမှာ ပါဝင်လာမယ်လို့ ထပ်မံကြေညာခဲ့ပါတယ်။

Kim Min Kyu ကတော့ ‘Idol: The Coup’ တွဲနဲ့ လက်တလောရေပန်းစားနေပြီး BTS’s Jin နဲ့ ASTRO’s Cha EunWoo တို့ရဲ့ ရောနှောထားတဲ့ရုပ်ရည်ပိုင်ရှင်ဆိုပြီး လူအများက သတိထားမိကာ အသိအမှတ်ပြုလာကြပါတယ်။ ‘The Fabulous’ ကတော့ လူငယ်အချစ်ဇာတ်လမ်းမျိုးလေးဖြစ်ပြီး ‘Hotel Del Luna’ ကို ထုတ်လုပ်‌ပေးခဲ့သူ Kim Jung Hyun က ဦးစီးသွားမှာပါ။

ဖက်ရှင်လောကထဲမှာ ဘဝကြီးကို အလုံးစုံမြှုပ်နှံကာ ကျင်လည်နေကြရင်း နေရာတစ်ခုရဖို့ ထိုးဖောက်ကြိုးစားကြတဲ့ လူငယ်တို့အကြောင်းကို ရိုက်ကူးပြသသွားမှာဖြစ်ပါတယ်။ Kim Min Kyu ကတော့ တက္ကသိုလ်ကျောင်းသား Shim Do Young အဖြစ် သရုပ်ဆောင်သွားမှာပါ။

Shim Do Young ဟာ ချောမောခန့်ညားပြီး ရည်မှန်းချက်ကြီးမားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ ပုံစံ (၂) မျိုးရှိတဲ့ကောင်လေးပါပဲ။ အစပိုင်းသိချိန်မှာ ယုံကြည်ချက်အပြည့်ရှိနေတဲ့ပုံစံကြောင့် လူရှိန်စရာဖြစ်နေပေမဲ့ တကယ်တမ်း အကြောင်းသိလာတဲ့အခါမှာ မထင်ထားလောက်အောင် အူကြောင်ကြောင်လေးဖြစ်ပြီး ချစ်စရာလည်း ကောင်းနေတဲ့ ၂၀ ကျော်အရွယ် လူငယ်ကောင်လေးဖြစ်နေပြန်ပါတယ်။

မင်းသမီး Chae Soo Bin က နာမည်ကြီး Brand တွေရဲ့ PR agency မှ ရည်မှန်းချက်ကြီးမားတဲ့ မန်နေဂျာ Pyo Ji Eun အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Minho ကတော့ ရုပ်ရည်အရည်အချင်း အားလုံးပြည့်စုံနေပေမဲ့ ဘာကိုမှ စိတ်အားထက်သန်မှုမရှိဘဲ အလုပ်နဲ့အချစ်ရေးမှာပါ အေးတိအေးစက် တကိုယ်တော်ဖြတ်သန်းနေသူ အလွတ်တမ်း photo retoucher တစ်ဦးဖြစ်သူ Ji Woo Min အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ Kim Min Kyu ဟာ ‘Idol: The Coup’ ထဲမှာ ရိုက်ကူးနေဆဲဖြစ်လို့ ဇာတ်လမ်းသစ်အတွက် ရိုက်ကူးရေးနဲ့အချိန်ညှိနေဦးမယ်ထင်ပါတယ်။ လူငယ်တွေရဲ့ ဘဝဖြတ်သန်းပုံကို ပေါ့ပေါ့ပါးပါးနဲ့ ရသစုံလင်စွာကြည့်ရမှာဖြစ်လို့ စိတ်ဝင်စားသူများက ‘The Fabulous’ ကို စောင့်မျှော်နေကြပါတော့နော်။

Source: Allkpop
Photos: Naver
Translated by Ivy