ဖခင်ရဲ့ကန့်ကွက်မှုတွေကြားက အဆိုတော်ဖြစ်ဖို့ကြိုးစားခဲ့ပုံကို မမေ့နိုင်ကြောင်း ရင်ဖွင့်ခဲ့ဖူးတဲ့ Hobi

Posted on

BTS’s J-Hope ရဲ့ ပွဲဦးမထွက်ခင်ကာလတွေတုန်းက ကန့်ကွက်မှုတွေကြောင့် တော်တော်လေးအခက်ကြုံခဲ့ရဖူးပါတယ်။ အထူးသဖြင့် ဖခင်ဖြစ်သူက idol ဖြစ်လာဖို့အိပ်မက်ကို လုံးဝတားမြစ်ခဲ့တဲ့အချိန်ကို အခုချိန်ထိ ပြန်တွေးလိုက်တိုင်း ရှင်းရှင်းကြီးမှတ်မိနေသေးကြောင်း Hobi က ပြောပြခဲ့ဖူးပါသေးတယ်။

J-Hope တစ်ယောက် ပွဲဦးမထွက်ခင် ကျောင်းသားဘဝတုန်းက စာကြည့်ချင်ယောင်ဆောင်ပြီး အဖေကို မကြာခဏ ညာဖူးကြောင်း အစချီက ပြောပြခဲ့တာပါ။ “ကျွန်တော် ငယ်ငယ်လေးတုန်းက အက, ကရတာကို တအားကြိုက်ပြီး ကပဲကချင်နေခဲ့တာ။ စာမေးပွဲကာလကြီးဆိုတော့ ကျွန်တော်က အခန်းထဲမှာစာကြည့်ချင်ယောင်ဆောင်တာပေါ့။

တကယ်ကတော့ စာမကြည့်ဘဲနဲ့ အကဗီဒီယိုတွေကို ကြည့်နေခဲ့တာပါ။ အဖေ့ကိုလည်း စာလုပ်တယ်ဆိုပြီး ညာခဲ့ရတာပေါ့။ ဒါပေမဲ့ လိမ်တာက တာရှည်မခံဘူး။ ကျွန်တော်က Idol ဖြစ်ဖို့ စိတ်အားထက်သန်နေမှန်း အဖေက တန်းသိသွားတာပဲ။ စာလုပ်ချင်ယောင်ဆောင်ရင်း အကလေ့ကျင့်တဲ့ video တွေကို ကြည့်ဖို့ တော်တော်ကို အားထုတ်ခဲ့ရတယ်။

ဒါပေမဲ့ တနေ့ကျတော့ အဖေက ကျွန်တော့်အခန်းထဲကို အသိမပေးဘဲ ရုတ်တရက်ကြီး ဝင်ချလာတဲ့အခါမှာ မိသွားတာပဲ။ ကျွန်တော် တော်တော်ကို ထိတ်လန့်သွားခဲ့တာ။ ကျွန်တော်လုပ်နေတာမြင်ပြီး အဖေက သက်ပြင်းအရှည်ကြီးချရင်း ပြန်ထွက်သွားရော။ အဲ့နေ့၊ အဲ့အခိုက်အတန့်ကို အခုချိန်ထိ မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားမြင်နေရတယ်။

နောက်တော့ အဖေက လုံးဝခွင့်မပြုဘူး။ သူ့ရှေ့မှာ တခါလောက် ကပြခိုင်းတယ်။ အဲ့တာနဲ့ ကျွန်တော်လည်း အကအရည်အချင်းကို တခါလောက်တော့ ပြချင်တာနဲ့ အဖေ့ရှေ့မှာ တီးလုံးမပါဘဲ အလွတ် ကပြခဲ့ဖူးတယ်။ လုံးဝကြီးကို တိတ်ဆိတ်သွားပြီး ကျွန်တော့်ရဲ့အသက်ရှူသံနဲ့ အဝတ်အစားတွေက ထွက်လာတဲ့အသံပဲ ကြားရတယ်.. အဲ့လောက်ထိကို ဖြစ်ခဲ့ဖူးတာပါ။ အစပိုင်းက လုံးဝခွင့်မပြုခဲ့ပေမဲ့ အခုတော့ ရှိသမျှလူ‌တိုင်းထက်တောင် အဖေက ပိုပြီး အားပေးနေပါတယ်” ဆိုပြီး အဖေနဲ့အမှတ်တရတွေကို Live လွှင့်ရင်း ARMY တွေကို ဖောက်သည်ချခဲ့တာဖြစ်ပါတယ်။

Idol ဖြစ်လာဖို့ လမ်းခရီးဟာ မသေချာတဲ့အပြင် ခက်ခဲကြမ်းတမ်းပြီးပင်ပန်းလွန်းတာကြောင့် Hobi ရဲ့ ဖေဖေဟာ သားဖြစ်သူကို ဂရုဏာနဲ့ တားမြစ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ အခုချိန်မှာတော့ J-Hope ရဲ့ ဖခင်ဟာ သားဖြစ်သူကို အားအပေးဆုံးသူဖြစ်နေပြီး အိပ်မက်တွေ‌ကို အအောင်မြင်ဆုံးဖန်တီးပြနိုင်တဲ့ Hobi အတွက်လည်း ဂုဏ်ယူလို့မဆုံးဖြစ်နေလောက်ပါတယ်။

Source: Koreaboo
Photos: BigHit Music
Translated by Ivy