YG Entertainment တစ်ခုတည်းမှာသာ ​ကြုံ​တွေ့ရမယ့် ထူးထူးဆန်းဆန်း အရာ (၄) ခု

Posted on

ကိုရီးယား​ဖျော်​ဖြေ​ရေး​လောကမှာ နှစ်​ပေါင်းများစွာ ​အောင်မြင်ပြီး လွှမ်းမိုးမှုကြီးတဲ့ entertainment တစ်ခုအဖြစ် ရပ်တည်​နေတဲ့ YG Entertainment ဟာ အရည်အချင်းရှိပြီး နာမည်​ကြီးတဲ့ ကမ္ဘာ​ကျော် K-Pop idol များစွာကို ​​မွေးထုတ်​ပေးခဲ့တဲ့ company တစ်ခုဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်း​တွေ စီမံခန့်ခွဲမှု​တွေနဲ့ ပတ်သက်လာရင်လည်း YG က တခြား entertainment ​တွေထက် တမူထူးခြားပါတယ်။ တစ်ခါတစ်​လေမှ ပရိသတ်​တွေ​တောင်မှ YG ရဲ့ လုပ်ပုံကိုင်ပုံ​တွေ​ကြောင့် ပါးစပ်အ​​ဟောင်းသားဖြစ်ရတဲ့အထိပါပဲ။ ဒီတစ်ခါမှာ​တော့ YG မှာသာ ကြုံ​တွေ့ရမယ့် ထူးထူးဆန်းဆန်းအရာ ၄ ခုကို ​​ဖော်ပြ​ပေးချင်ပါတယ်။

(1) BLACKPINK အဖွဲ့အတွက် ဗလာအချိန်ဇယားကို ထုတ်ပြန်ခြင်း

မကြာ​သေးခင်ကမှ YG ဟာ BLACKPINK အဖွဲ့ရဲ့ ဒီဇင်ဘာလအတွက် အချိန်ဇယားကို ထုန်ပြန်​ကြေငြာခဲ့ပါတယ်။ ဒါ​​ပေမဲ့ ပရိသတ်​တွေက အဲ့ဒီအချိန်ဇယားကို ရင်ခုန်စွာနဲ့ ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ​တော့ အချိန်ဇယားက ဘာမှမ​ရေးထားတဲ့ ဗလာကြီးဖြစ်​နေပါတယ်။ ဆိုလိုတာက​တော့ ဒီဇင်ဘာလမှာ BLACKPINK အဖွဲ့ရဲ့ လှုပ်ရှားမှု ဘာမှမရှိဘူးဆိုတဲ့ သ​ဘောပါ။ ဒီလိုမျိုး YG ရဲ့ မလိုအပ်တဲ့ လုပ်ရပ်ကြောင့် ပရိသတ်​တွေဟာ အ​​တော်​လေးစိတ်ပျက်​​ဒေါသထွက်ခဲ့ရပါတယ်။

(2) Mino ရဲ့ comeback အတွက် အ​ဆောက်အအုံ​ရှေ့မှာ အလံလွှင့်ခြင်း

WINNER အဖွဲ့ဝင် Mino ရဲ့ လတ်တ​​လော comeback ကို ဂုဏ်ပြုဖို့အတွက် YG ဟာ Mino ရဲ့ နာမည်ကို ရိုက်နှိပ်ထားတဲ့ အလံအကြီးကြီးကို အ​ဆောက်အအုံ​ရှေ့မှာ လွှင့်ထူခဲ့ပါတယ်။ ဒါ​ကြောင့် ပရိသတ်​တွေက အံ့သြခဲ့ရပြီး YG က အနုပညာရှင်​တွေ comeback လုပ်တိုင်းမှာ ဒီလို အလံလွှင့်တဲ့ ထုံးတမ်းစဉ်လာအသစ်ကို ကျင့်သုံးသွားမလားဆိုတာကို ​တွေးစရာဖြစ်လာပါတယ်။

(3) အ​​ဆောက်အအုံအတွင်း ဓါတ်ပုံရိုက်ကူးခြင်းကို တားမြစ်ခြင်း

WINNER အဖွဲ့ဝင် Mino ပါဝင်ခဲ့တဲ့ variety show တစ်ခုမှာဆိုရင် အစီအစဉ်တင်ဆက်သူက YG ရဲ့ ထူးခြားတဲ့ စည်းကမ်းတစ်ခုကို ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။ အဲ့ဒါက​တော့ အပြင်က ဧည့်သည်​တွေ YG အ​​ဆောက်အအုံထဲ ဝင်တဲ့အခါ သူတို့ရဲ့ ဖုန်းကင်မရာ​တွေကို စတစ်ကာနဲ့ ဖုံးအုပ်ခိုင်းတာ ဖြစ်ပါတယ်။

YG ရဲ့ အ​​ဆောက်အအုံ ဧရိယာအတွင်း selfie ​တောင်မှ ရိုက်ကူးခွင့်မရှိပါဘူး။ YG က ဒီလိုမျိုး အပြင်လူ​တွေကို ဓါတ်ပုံမရိုက်ဖို့ တားမြစ်ထား​ပေမဲ့ YG ရဲ့ idol ​တွေက​​တော့ အ​ဆောက်အအုံရဲ့ ​နေရာတိုင်းမှာ ဓါတ်ပုံရိုက်ကူးပြီး​နေ​လောက်ပါပြီ။

(4) အသက်ကန့်သတ်ချက်မရှိပဲ သင်တန်းသား​တွေကို ​ခေါ်ယူခြင်း

YG ဟာ ထူးဆန်းတဲ့ စည်းမျဉ်းစည်းကမ်း​တွေကို ချမှတ်ထားရုံမက သင်တန်းသား​တွေကို ​ခေါ်ယူတဲ့ စံနှုန်းကလည်း တခြား entertainment ​တွေထက် အ​တော်​လေးထူးခြားကွဲပြားပါတယ်။ YG ရဲ့ လူ​ရွေးပွဲအတွက် တရားဝင် website မှာဆိုရင် ၁၉၂၀ (အသက် ၁၀၁ နှစ်) က​နေ ၂၀၂၀ (အသက် ၁ နှစ်) အတွင်း သင်တန်းသား​တွေကို လက်ခံမယ်လို့ ​ကြေငြာထားတာကို ​တွေ့နိုင်ပါတယ်။

ဒါ့အပြင် ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် ဝင်​လျှောက်နိုင်တယ်လို့ ​ဖော်ပြထားပါတယ်။ ဒီလို YG ရဲ့ ထူးခြားတဲ့အရာ​တွေဟာ လတ်တ​လောမှာ netizen ​တွေကြား ​ဆွေး​နွေးစရာအ​ကြောင်းအရာတစ်ခုဖြစ်လာပါ​တော့တယ်။ သူတို့ဟာ “နာမည်မှည့်တဲ့​နေရာမှာ ပျင်းတာ​ရောပဲ။

Jennie ရဲ့ solo သီချင်းဆို “SOLO”, BLACKPINK ရဲ့ album ဆို “The Album” လို့မှည့်တယ်”၊ “YG က dating သတင်း​တွေကို တုံ့ပြန်တာကအစ လူ​ရွေးပွဲအတွက် အသိ​ပေးစာ ထုတ်ပြန်တာကအဆုံး ဟာသညာဏ်ရှိတယ်”၊ “​တော်​တော်ထူးဆန်းတဲ့ ကုမ္ပဏီပဲ” စသဖြင့် ​ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ထူးခြားတဲ့ အချက်​တွေ​ကြောင့် YG ဟာ ​ဖျော်​ဖြေ​ရေး​လောကမှာ နာမည်တစ်လုံးနဲ့ အခိုင်အမာ ရပ်တည်​နေနိုင်ပြီး K-Pop ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို အမြဲရရှိ​နေတာဖြစ်ပါတယ်။

Source : Kbizoom
Photo : Kbizoom
Written : ZL