အပြိုင်သရုပ်ဆောင်တွေကို ကျော်တက်ပြီး အကြီးဆုံးဆုများကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ Mario နဲ့ Baifern

Posted on

Bangkok Critics Assembly ဆုပေးပွဲကြီးမှ ချီးမြှင့်တဲ့ဆုများကို ထိုင်းသရုပ်ဆောင်တိုင်း လိုချင်ကြပါတယ်။ အောင်မြင်မှုမှတ်တိုင်တစ်ခုလို့ သတ်မှတ်လို့ရတဲ့အထိ ကြီးမားတဲ့ဆုတစ်ခုဖြစ်တာကြောင့် သရုပ်‌ဆောင်တိုင်းက ဒီဆုပိုင်ရှင်ဖြစ်ဖို့ တနှစ်တာလုံးကြိုးစားကြလေ့ရှိပါတယ်။ ၂၉ ကြိမ်မြောက်အတွက် အကြီးဆုံး ဆု (၂) ခုဖြစ်တဲ့ “အကောင်း‌ဆုံး ခေါင်းဆောင်မင်းသားဆု” နဲ့ “အကောင်းဆုံး ခေါင်းဆောင်မင်းသမီးဆု” များ ပိုင်ရှင်တွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။

Bangkok Critics Assembly ရဲ့ တရားဝင်ကြေညာချက်အရ ၂၉ ကြိမ်မြောက် ဆုအခမ်းအနားမှာ “အကောင်း‌ဆုံး ခေါင်းဆောင်မင်းသားဆု” နဲ့ “အကောင်းဆုံး ခေါင်းဆောင်မင်းသမီးဆု” ကို ရရှိခဲ့သူတို့မှာ ထိပ်တန်းသရုပ်‌ဆောင် ၂ ဦးဖြစ်တဲ့ Mario Maurer နဲ့ Baiferm Pimchanok တို့ပဲ ဖြစ်ကြပါတယ်။

“အကောင်း‌ဆုံး ခေါင်းဆောင်မင်းသားဆု” ကိုတော့ Mario Maurer ဟာ “Low Season” နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ Mario အနေနဲ့ ဆန်ကာတင်ထိပ်တန်းမင်းသားတွေဖြစ်တဲ့ God Jirayu, Nadech Kugimiya, Ton Tonhon, Weir Sukollawat တို့ကို ကျော်ဖြတ်ပြီးမှ ရရှိပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

“အကောင်းဆုံး ခေါင်းဆောင်မင်းသမီးဆု” ကို ရရှိသွားသူ Baifern Pimchanok ကတော့ သူမနဲ့အပြိုင် ဝါရင့်မင်းသမီးကြီးတွေကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာပါ။ “The Con-Heartist” ရုပ်ရှင်နဲ့ ရရှိခဲ့တဲ့ Baifern က ဒီဆုကို ရရှိဖို့အတွက် ကြိုးစားခဲ့ရတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်တာကြောင့် ဂုဏ်ယူပြီး ဝမ်းသာရတယ်လို့ ဖြေကြားခဲ့ပါတယ်။

အရင်နှစ်တွေတုန်းက Baifern Pimchanok အနေနဲ့ ဆန်ကာတင်ဆုစာရင်းဝင်ခဲ့ပေမဲ့ ဆုရရှိခဲ့ခြင်းမရှိသေးတာကြောင့် Bangkok Critics Assembly ကနေ ဒီတခါရရှိတဲ့ဆုဟာ သူမအတွက် ပထမဆုံးရရှိခဲ့တဲ့ ဆုဖြစ်လာပါတယ်။ “အကောင်း‌ဆုံး ခေါင်းဆောင်မင်းသားဆု” နဲ့ “အကောင်းဆုံး ခေါင်းဆောင်မင်းသမီးဆု” များကို ထိုက်တန်စွာရရှိခဲ့တဲ့ Mario Maurer နဲ့ Baifern Pimchanok တို့ကို ဂုဏ်ပြုလိုက်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy