Chinese Celebrity

ရဲရင့်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပရိတ်သတ်တွေရဲ့ ချီးမွမ်းခံထိုက်သူလေး Yang Zi

ဒီဇင်ဘာ (၃) ရက်နေ့က Psychologist ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်ရေး အဖွဲ့သားများဟာ ဇာတ်ဆောင်မင်းသမီး Yang Zi ရဲ့ ရိုက်ကူးရေးမှာ သူမရဲ့ တွဲဖက်သရုပ်ဆောင်မှ သူမကို လည်ပင်းညှစ်ထားတဲ့ မြင်ကွင်းကို ပြသခဲ့ပြီး သူမရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ အနုပညာအပေါ် စေတနာထားမှုတို့ကြောင့် အင်တာနက် သုံးစွဲသူများရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။

ဗီဒီယိုထဲမှာ လိမ္မော်ရောင် ကုတ်အင်္ကျီ ၀တ်ထားတဲ့ Yang Zi ဟာ တုန်လှုပ်ချောက်ချားနေကာ အမျိုးသား တစ်ယောက်က ရုတ်တရက် ချဉ်းကပ်လာပြီး သူမရဲ့လည်ပင်းကို ဖမ်းဆွဲလိုက်ပါတယ်။ ထိုအမျိုးသားက သူမအား ပြင်းထန်စွာ လှုပ်ယမ်းလိုက် ပြီးနောက်မှာ သူမကို နံရံဆီ တွန်းထုတ်ကာ တင်းတင်းကြပ်ကြပ် ဖိထားခဲ့ပါတယ်။

Yang Zi ရဲ့ ဇာတ်ကောင်ဟာ ၎င်းအနေအထားနဲ့ပဲ အမျိုးသား ဇာတ်ဆောင် Jing Boran မရောက်မီ ဆယ်စက္ကန့်ပြည့်အောင် ရုန်းကန်နေခဲ့ရပါတယ်။ ဒါရိုက်တာက ဇာတ်ဝင်ခန်း ရိုက်ကူးမှု ရပ်တန့်လိုက် ပြီးနောက်မှာတော့ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ Yang Zi ရဲ့ ခြေထောက်တွေဟာ မြေပြင်ပေါ်ကိုပျော့ခွေကျသွားပြီး သူ့ကိုယ်သူ ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူခဲ့ရပါတယ်။

ရိုက်ကူးရေးမှာ ရှိနေသူ အားလုံးက မြန်မြန်ဆန်ဆန် ရှေ့ကို ပြေးသွားတဲ့အခါမှာ Yang Zi ဟာ အနည်းငယ်တော့ အဆင်ပြေလာပုံရပြီး “သွေးထဲမှာ သကြားဓာတ် နည်းနေပြီ” လို့ ကမန်းကတန်း ပြန်ဖြေခဲ့ပါတယ်။ ခဏတာ အနားယူပြီး နောက်မှာတော့ လည်ပင်းညှစ်ခံရတဲ့ ဒီဇာတ်ဝင်ခန်းကိုပဲ နှစ်ကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ ပြန်လည်ရိုက်ကူး ခဲ့ရပါတယ်။

အဲ့ဒီ့နောက် ကင်မရာရဲ့ လှုပ်ရှားမှု ရပ်တန့်သွားတဲ့ အချိန်မှာ လူကြီးလူကောင်းဆန်တဲ့ Jing Boran က Yang Zi ကို အနားယူဖို့ တွဲခေါ်သွားပေးခဲ့ပါတယ်။ သူမရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို သဘောကျမိပြီး အချို့ကတော့ ဒီရိုက်ကူးရေး ဗီဒီယိုကို ကြည့်နေရင်းတောင် ကိုယ်တိုင် လည်ပင်းညှစ် ခံရသလို ခံစားရတဲ့အထိ နာကျင်ခံစားရတယ်လို့ အင်တာနက် သုံးစွဲသူတွေက မှတ်ချက်ချခဲ့ ကြပါတယ်။

(၉၀) ခုနှစ်နောက်ပိုင်းဖွား ‘Hua Dan’ မင်းသမီးလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Yang Zi ဟာ ကလေးသရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ပြီး မိသားစုအတွက် ဖန်တီးထားတဲ့ Xiao Xue in Home with Kids မှာ သူမရဲ့သရုပ်ဆောင်ချက်ကြောင့် ပရိသတ်တွေကို လေးလေးနက်နက် အထင်ကြီးသွား စေခဲ့သူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေမှာ စိန်ခေါ်မှုများစွာနဲ့ အခန်းကဏ္ဍများစွာကို ပါဝင်သရုပ်ဆောင်ထားတဲ့ အသက် (၂၉) နှစ်အရွယ် မင်းသမီးဟာ ကျစ်ကျစ်လျစ်လျစ် သရုပ်ဆောင်နိုင်ပြီး စွယ်စုံရ မင်းသမီး တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရသူလည်း ဖြစ်ပါတယ်။

Written : Nair Nair
Source : Youku
Photos : Youku