Chinese Celebrity

“The Untamed” မပြခင်ကတည်းက “Baili” ဇာတ်ကောင်နဲ့ ရေစက်ပါခဲ့တဲ့ Wang Yibo

လက်ရှိ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ “Luoyang” ဟာ အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ Huang Xuan, Wang Yibo နဲ့ Song Qian တို့ကြောင့် ပြည်မကြီးရဲ့ဝက်ဝက်ကွဲအောင်မြင်နေတဲ့ စီးရီးဖြစ်နေပါတယ်။ အဓိက‌ေခါင်းဆောင်မင်းသား (၂) ဦးပါဝင်တာကြောင့် ဒီဇာတ်ကောင်တွေအတွက် မင်းသားရွေးချယ်ဖြစ်ပုံကို ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။ ထုတ်လုပ်ရေးတာဝန်ခံကလည်း အဓိကသရုပ်ဆောင် (၃) ဦးအား ရွေးချယ်ကမ်းလှမ်းဖြစ်ပုံကိုပြောပြခဲ့ရာမှာ အထူးခြားဆုံးဖြစ်နေတာကတော့ Wang Yibo ပါပဲ။

Wang Yibo အတွက် “The Untamed” ဇာတ်လမ်းဟာ အမြင့်တနေရာကို တွန်းပို့ခ‌ဲ့တဲ့ အပေါက်ဆုံးဇာတ်လမ်းဖြစ်တာအားလုံးသိကြမှာပါ။ အဆိုပါကျော်ကြားမှုကြောင့် “Luyong” ဇာတ်လမ်းထုတ်လုပ်သူတွေဟာ Yibo ကို “Baili” နေရာအတွက် ကမ်းလှမ်းတာဖြစ်နိုင်ကြောင်း ပရိသတ်တွေက ထင်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အထင်တွေက တက်တက်စင်အောင်လွဲကုန်တော့တာပါပဲ။

“The Untamed” မပြသခင်ကတည်းက Yibo ဟာ “Baili” ဇာတ်ကောင်အတွက် ကမ်းလှမ်းခံခဲ့ရတာဖြစ်ပါတယ်။ ထုတ်လုပ်ရေးတာဝန်ခံက “ကျွန်တော်တို့ “Luoyang” အဖွဲ့သားတွေဟာ Yibo ကျော်ကြားလာပြီးနောက်မှ ဇာတ်ကောင်ကမ်းလှမ်းခဲ့တာမျိုးမဟုတ်ပါဘူး။ အစောကြီးကတည်းကတိုင် “Baili” ဇာတ်ကောင်ဟာ Yibo နဲ့ အကိုက်ဆုံးမို့လို့ သူ့ကိုပဲ လျာထားခဲ့ကြတာပါ။

ဒါကလည်း Yibo ရဲ့ နာမည်ကြီးဇာတ်ကား “The Untamed” မတိုင်ခင် ၂ လ၊ ၃ လကတည်းက မင်းသားရဲ့ အေဂျင်စီတာဝန်ရှိသူနဲ့ဆက်သွယ်ပြီး ကမ်းလှမ်းထားမှုဖြစ်ပါတယ်။ ဒီတော့ အားလုံးထင်နေကြတဲ့ “The Untamed” ကြောင့် Yibo ရဲ့ ကျော်ကြားလာမှုကို အသုံးချတာမျိုးမဟုတ်ခဲ့ပါဘူး။ ထုတ်လုပ်ရေးဖက်ကကျ စီးပွားရေးဆန်ဆန် ဇာတ်လမ်းအာမခံချက်ရှိအောင် အဓိကဇာတ်လိုက်တွေရဲ့ နာမည်ကြီးမှုကိုတော့ လိုချင်ကြတာပါပဲ။ Yibo ကလည်း “The Untamed” နဲ့ နာမည်တရှိန်ထိုးကြီးလာခဲ့ပါတော့တယ်။

Yibo က များသောအားဖြင့် စကားနည်းသလို တဖက်ကိုလည်း စကားစပြောလေ့ မရှိဘူး။ အနေအေးပေမဲ့လည်း အတွင်းစိတ်ကတော့ စွမ်းအားအပြည့်ပါပဲ။ ဒါကြောင့်လည်း သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းက တနေ့တခြား ပြင်းအားကောင်းလာတယ်။ နာမည်ကြီးနေတဲ့လူငယ်လေးဆိုတော့ ဒီဖက်က ရိုက်ကူးရေးပြီးရင်တောင် တခြားဖက်မှာ မနက် ၂ နာရီ၊ ၃ နာရီအထိ အချိန်ဇယားအပြည့်ရှိနေတယ်။ ပြီးရင် နောက်နေ့ မနက် ၆ ‌နာရီလောက်ကျ ပုံမှန်ပြန်စရပြန်ပါတယ်။

ဒါပေမဲ့လည်း ဘယ်တုန်းကမှ ညည်းညူတာလည်းမရှိဘူး။ အထွန့်တက်တာမျိုးလည်းမရှိပါဘူး။ အချိန်ပြည့်လောက် ပြောရမယ့်စကားတွေကို မှတ်နေပြီး ဒါရိုက်တာနဲ့လည်း ဆွေးနွေးအကြံယူတတ်ပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်မယ့်အခြေအနေကို ဖန်တီးတယ်။ သူပြောရမယ့်အပိုင်းက ဂွတီးဂွကျဖြစ်နေတယ်ဆိုတာနဲ့ ညတွင်းချင်းကို ဇာတ်ညွှန်းရေးဆရာရယ်.. ဒါရိုက်တာရယ်ဆီသွားပြီး မေးတယ်… ပြင်တယ်။

အားလုံးအဆင်ချောသွားတော့ နောက်တနေ့ရိုက်ကူးရေးက အေးဆေးလေး ပြီးသွားရော။ Yibo က တော်တော်ကို အာရုံစူးစိုက်မှုကောင်းပြီး အကွက်စေ့တဲ့လူငယ်လေးပါပဲ” ဆိုပြီး ချီးမွမ်းခန်းဖွင့်ခဲ့ပါတော့တယ်။ Yibo နဲ့ ပတ်သက်ဖူးသူတိုင်းကတော့ မချီးမွမ်းဖူးတဲ့သူကို မရှိပါဘူး။ “Luoyang” ဇာတ်လမ်းကြောင့်ပဲ Yibo ဟာ Luoyang မြို့ရဲ့ တရားဝင်သံတမန်အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။ အစောကြီးကတည်းကတိုင် ကမ်းလှမ်းခံခဲ့ရတဲ့ “Baili” ဇာတ်ကောင်ကတော့ Yibo အတွက် အောင်မြင်မှုတွေ ပိုမိုဆောင်ကြဉ်းပေးမယ့် ရေစက်လေးပဲဖြစ်ပါတယ်။

Source: Sohu
Photos: Studio
Translated by Ivy