Chinese Celebrity

ဘဝရဲ့ စိတ်ထွက်ပေါက်ဖြစ်ရာ သီးခြားကမ္ဘာလေးတစ်ခုကို ဖော်ပြခဲ့ဖူးတဲ့ Lay Zhang

EXO အဖွဲ့ဝင် Lay Zhang ကိုတော့ အလုပ်နဲ့ပတ်သက်လာရင် တိကျပြတ်သားပြီး မနားမနေကြိုးစားလွန်းသူအဖြစ် အများက စံပြုထားကြပါတယ်။ ချိုင်းနားမှာ အနုပညာအလုပ်တွေကို အခြေချလုပ်ကိုင်နေတဲ့ Lay ဟာ တခါတလေမှာတော့ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်ရတဲ့အချိန်တွေ ရှိမှာပါပဲ။

သူ့ဘဝအတွက် အကောင်းဆုံး စိတ်ထွက်ပေါက်တစ်ခုကိုတော့ Lay Zhang ဟာ အဖွားဆုံးပြီးနောက်ပိုင်း MTV နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဖြေဖူးပါတယ်။ Lay ကတော့ အဖွားကို သိပ်ချစ်တဲ့မြေးတစ်‌ယောက်ဖြစ်ပါတယ်။

အနုပညာအလုပ်တွေလုပ်ဖို့ နောက်ကနေ အမြဲတမ်းအားပေးနေခဲ့တဲ့ အဖွားကို ဆုံးရှုံးသွားခဲ့ရတဲ့ Lay ဟာ နှလုံးသားတွေနာကျင်ခဲ့ရပြီး တော်တော်လေးလည်း စိတ်ပင်ပန်းခဲ့ရရှာမှာ‌ပါ။ နောက်ပိုင်း အဖွားကိုရည်ရွယ်ကာ သီချင်းလေးထုတ်ပေး‌ပြီးတဲ့နောက် အင်တာဗျူးမှာ အခုလိုပဲ ဖြေပေးခဲ့ပါတယ်။

“ဂီတက ကျွန်တော့်ရဲ့ဘဝကြီးပါပဲ။ သီချင်းတွေဟာ ကျွန်တော့်ကို ကုစားပေးတဲ့ အသက်ကယ်တင်ရှင်တွေပါ။ ဝမ်းနည်းလာတဲ့အချိန်တိုင်းမှာ သီချင်းတစ်ပုဒ်ကို စိတ်နှစ်ပြီးလုပ်လိုက်တာဟာ ကျွန်တော့်အတွက်တော့ စိတ်ထွက်ပေါက်ဖြစ်ပြီး သီးခြားကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရပါတယ်။

ကျွန်တော်ကလေ ကျွန်တော့်ရဲ့အကြောင်းလေးတွေကို လူအများကြီးထံကို မျှဝေချင်တယ်။ ကျွန်တော့်အကြောင်းကို ကောင်းကောင်းကြီးသိစေချင်ပါတယ်။ ဒါကြောင့်မို့လို့ ဂီတကို အသုံးချရင်း ကျွန်တော့်ရဲ့ဖြစ်တည်မှုလေးကို ပရိသတ်တွေသိအောင် ပြောပြချင်တာပါ။

ပြီးတော့ ချိုင်းနားဂီတဆိုတာကို လူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေချင်ပါတယ်။ သီချင်းတွေ၊ ဂီတတွေကနေတဆင့် ကမ္ဘာကြီးနဲ့ အချိတ်အဆက်ပြုလုပ်ချင်တယ်။ လွယ်တော့မလွယ်ဘူးဆိုပေမဲ့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားတာမို့လို့ တရုတ်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အသစ်အသစ်တွေချပြနိုင်အောင် ပိုပြီး ကြိုးစားလုပ်ကိုင်သွားမှာပါ။

စိတ်လှုပ်ရှားပေမဲ့ ကျွန်တော် ကျေနပ်တဲ့အရာတွေကို လုပ်နေရတာဖြစ်လို့ ဂုဏ်ယူပြီး ပျော်ပါတယ်” ဆိုပြီး Lay က ပြောပြခဲ့ပါတော့တယ်။ အလုပ်နဲ့ပတ်သက်လာရင် လေးစားမှုရှိတဲ့ Lay ကတော့ အဖွားရဲ့အကြိုက်ဆုံးဆောင်ပုဒ်ဖြစ်တဲ့ “Let it Be” ကို စွဲကိုင်ကာ ပစ္စုပ္ပန်ကို အာရုံစိုက်ရင်း ရှေ့ဆက်အောင်မြင်ဖို့ ကြိုးစားနေပါပြီ။  ဒါကြောင့်လည်း Lay ဟာ ဂီတဖက်တွင်သာမက သရုပ်ဆောင်ပိုင်းမှာလည်း Yixing ဆိုတဲ့ အမည်နာမတစ်ခုကို စိုက်ထူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source: MTV
Photos: Studio
Translated by Ivy