Chinese Celebrity

သရေဖျက်ကာ မတရားစွပ်စွဲခံရတဲ့ Zhang Zhehan အတွက် အမှုမှန်ပေါ်ပေါက်ဖို့ စတင်ဆောင်ရွက်

နာမည်ရအောင်မြင်လာတဲ့အချိန်မှာ နိုင်ငံရေးစွပ်စွဲချက်နဲ့ အနုပညာလောကထဲကနေဖယ်ရှားခံလိုက်ရသူ Zhang Zhehan အကြောင်းကို အားလုံးသိထားပြီးကြမှာပါ။ ဂျပန်စစ်ပွဲအတွင်း ကျရှုံးခဲ့သူများအား အထိမ်းအမှတ်ပြုလုပ်ထားတဲ့နတ်ကွန်းဆီကို သွားရောက်ခဲ့တဲ့ အတိတ်အကြောင်းကို လူအများအပြားက ပြန်လည်တူးဆွခဲ့ကြပြီး နိုင်ငံသစ္စာဖောက်အဖြစ်စွပ်စွဲခံရကာ မရှိတဲ့လူတယောက်လိုမျိုးဖြစ်သွားတဲ့အထိ လူ့အသိုင်းအဝိုင်းကနေ အားလုံးက ဖယ်ရှားခဲ့ကြပါတယ်။

Zhang Zhehan ခမျာ တောင်းပန်ခဲ့ပြီး သူ့ရဲ့ဖြစ်စဉ်ကို ပြောပြခဲ့ပေမဲ့လည်း အာဏာပိုင်အစိုးရက လက်မခံဘဲ Zhang Zhehan ကို အနုပညာလောကထဲကနေ အပြီးတိုင်ဖယ်ရှားပစ်ခဲ့ပါတယ်။ November 23 တုန်းကထွက်ရှိခဲ့တဲ့ CAPA’s Banned Artists စာရင်းထဲမှာပါ လူထုရဲ့ ဝေဖန်ပုတ်ခတ်မှုတွေကိုပါ တဖက်သတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ Zhang Zhehan ရဲ့ ဖြူစင်မှုအတွက် မင်းသားဖက်ကနေ ရပ်တည်ပေးခဲ့တဲ့ ဩဇာရှိပုဂ္ဂိုလ်တစ်ဦးပေါ်လာခဲ့ပါတယ်။ ပင်မစစ်ဖက်ဆိုင်ရာအဖွဲ့အစည်းနဲ့ နှီးနှယ်သူ၊ Golden Shield Television Center ရဲ့ ထုတ်လုပ်သူ-ဒါရိုက်တာ Li XueZheng က Zhang Zhehan အတွက် မျှတမှုကို ဦးဆောင်ရှာဖွေပေးနေခဲ့ပါပြီ။

ဒီဇင်ဘာလ (၂၄) ရက်နေ့မှာတော့ ပေကျင်း၊ ChaoYang ပြည်နယ်၊ လူမှုအသိုင်းအဝိုင်း စောင့်ကြည့်ကွပ်ကဲရေးအစိုးရဌာနကနေ Zhang Zhehan ရဲ့ အမှုကိစ္စကို လက်ခံကြောင်း တရားဝင်ထုတ်ပြန်စာကို Li XueZheng က တင်ပေးခဲ့ပါတယ်။ Li XueZheng ရဲ့ ဖော်ပြချက်အရ မင်းသားကို အွန်လိုင်း‌ကနေတဆင့် ဝေဖန်တိုက်ခိုက်မှုများ၊ အပုတ်ချပြီးအသေရေဖျက်မှုများဟာ မရေမတွက်နိုင်အောင် များပြားခဲ့ပြီး တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလုပ်ရက်မျိုးတွေကို လက်မခံနိုင်ကြောင်း၊ မင်းသား Zhang Zhehan ဟာ သာမန်လူပုဂ္ဂိုလ်တစ်ဦးရသင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ စစ်ဆေးမှုတွေကို လုံးဝဆုံးရှုံးနေကြောင်း ဖော်ပြထားပါတယ်။

Zhang Zhehan အနေနဲ့ တရားဥပဒေကျွမ်းကျင်အရာရှိများနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဒီတလျှောက်လုံးခံစားခဲ့ရသမျှ အငြိုးတကြီးနဲ့တိုက်ခိုက်စော်ကားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ ပြစ်မှုမြောက်တဲ့အပြုအမူတွေဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ မင်းသားရဲ့ အပြစ်ကင်းစင်မှုကို သိရှိကြတဲ့သူတွေရဲ့ အားပေးမှုနဲ့ Zhang Zhehan ဟာ သူ့ရဲ့ဖြစ်စဉ်တလျှောက်လုံးကို အသေရဖျက်မှုနဲ့ ပေကျင်းရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အကြောင်းကြားစာထဲမှာဆိုရင် Zhang Zhehan ရဲ့ အမည်နဲ့ အမှုကို စစ်ဆေးကိုလက်ခံကြောင်းအတည်ပြုထားပါတယ်။ Li XueZheng ကလည်းပဲ အမှုကိစ္စအတွက် မျှော်လင့်ချက်တွေရှိပြီး Zhang Zhehan အတွက် တရားမျှတမှု ရရှိလာမယ်လို့ အခိုင်အမာပြောထားပါတယ်။ အမှန်တရားဖက်ကနေရပ်တည်ပေးတဲ့ ဩဇာရှိပုဂ္ဂိုလ်ကြီးကို ကျေးဇူးတင်ရသလို Zhang Zhehan အနေနဲ့လည်း အမြန်ဆုံးအဆင်ပြေသွားဖို့ ဆန္ဒပြုလိုက်ပါတယ်။

Source: WhatsToday
Photos: Sohu
Translated by NayChi