Korean Celebrity

ချစ်ရသူကြီး ဂွမ်ဆူရဲ့ Supportive ဖြစ်ပုံကို သဘောကျစွာပြောခဲ့တဲ့ Lee Sunbin

Lee Kwang Soo နဲ့ Lee Sun Bin တို့က ကိုရီးယားဖျော်ဖြေရေးလောကရဲ့ အနုပညာရှင်စုံတွဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက တွဲနေကြောင်း တရားဝင်ကြေညာပြီးတဲ့နောက် သူတို့နှစ်‌ယောက်ရဲ့ နွေးထွေးတဲ့ဆက်ဆံပုံလေးတွေကို အားကျချစ်ခင်နေရပါတော့တယ်။

Lee Sunbin ဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ ‘Work Later, Drink Now’ ထဲမှာ ပါဝင်ရိုက်ကူး‌နေတာဖြစ်တာကြောင့် ဇာတ်လမ်းအကြောင်းပြောပြရင်း ဂွမ်ဆူ့ရဲ့ ဂရုစိုက်မှု၊ နားလည်ပေးနိုင်မှုတွေကိုပါ ကျေနပ်သဘောကျစွာ ပြောပြခဲ့ပါတယ်။ အင်တာဗျူးမှာဆိုရင် ယခုပြသနေတဲ့ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဂွမ်ဆူက ဘယ်လိုတုန့်ပြန်လဲလို့ မေးခဲ့ပါတယ်။

ထိုအခါ Lee Sunbin က “ကျွန်မတို့ရဲ့ ဇာတ်လမ်းလေးကို တကယ်ကိုကြိုက်တယ်ဆိုပြီး ဂွမ်ဆူက ပြောလေ့ရှိတယ်။ ပြီးတော့ ထုတ်လွှင့်တဲ့နေ့ကို အမြဲစောင့်ကြည့်တယ်။ မလွတ်တမ်းပဲ။ ကျွန်မကိုလည်း တော်တော်လေးကို အားပေးချီးကျူးတယ်။ ပြီးတော့ ဇာတ်လမ်းလေးက ရီရတယ်ဆိုပြီးတော့လည်း ပြောသေးတယ်။ လူအများကြီးက ကောင်းတယ်ဆိုပြီးပြောဆိုချီးကျူးကြတော့ ရုတ်တရက် ရှက်တောင် ရှက်သွားတတ်သေးတယ်” ဆိုပြီး ပြုံးပြုံးလေး ပြောပြလာခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ Lee Sunbin နဲ့ SiWon (Super Junior) တို့ရဲ့ အနမ်းဇာတ်ဝင်ခန်းတွေ၊ အိပ်ရာထက်က ဇာတ်ဝင်ခန်းတွေပါတော့ ဂွမ်ဆူကို အားနာမိသေးလားလို့ မေးတဲ့အခါမှာ Sunbin က “SiWon နဲ့ အဲ့လိုမျိုး လူကြီးဇာတ်ဝင်ခန်းတွေရိုက်တော့ စိတ်ဖိအားများတာမျိုးမရှိပါဘူး။ ချစ်သူကို တွေးမိတာမျိုးလည်း မရှိဘဲ ဇာတ်လမ်းရိုက်ကူးရုံသပ်သပ်ပါပဲ။

နမ်းတဲ့အခန်းနဲ့ အိပ်ရာထက်က ဇာတ်ဝင်ခန်းမျိုးဟာ တခြားအချစ်ကားတွေနဲ့ယှဉ်ကြည့်ရင် တော်တော်ကို ကွဲထွက်နေပါတယ်။ ဒီတော့ ဒီလိုအခန်းတွေကို ဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးသင့်လဲဆိုပြီး SiWon နဲ့ ညှိကြည့်ကြပါတယ်။ ဒီလိုဇာတ်ကွက်တွေက ရိုက်ကူးရတာ မလွယ်ပေမဲ့လည်း ကျွန်မတို့ ၂ ယောက်ကတော့ ရိုက်ကူးနေရင်း ရီနေရတာပဲ။ တကယ်ကို ပျော်ဖို့ကောင်းပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Lee Sunbin နဲ့ Lee Kwang Soo တို့က အချင်းချင်း Supportive ဖြစ်ကြတာကို မြင်သူတကာတိုင်း သိကြပါတယ်။ ပေါ်တင်ကြီး Ro ဆန်ပြတာမျိုးမရှိပေမဲ့ အပြုအမူသေးသေးလေးတွေကနေတဆင့် သူတို့ရဲ့ အလေးထားပုံကို ပရိသတ်တွေ အသိဆုံးဖြစ်လို့ ‌လူမမြင်ရတဲ့ ၂ ကိုယ်ကြားမှာ ဘယ်လောက်တောင် နွေးထွေးကြင်နာပြီး နားလည်မှုတွေရှိနေကြမလဲဆိုတာကတော့ တွေးကြည့်ရုံနဲ့တင် တကယ် ကြည်နူးစရာကောင်းနေပါပြီ။

Source: SBSstar
Photos: SBSstar
Translated by Ivy