ပြိုလဲကျရှုံးချိန်တွေ ကြုံတွေ့လာရတိုင်း ထားသင့်တဲ့စိတ်ဓာတ်ကို အကြံပြုအားပေးဖူးတဲ့ Suga

Posted on

BTS အဖွဲ့ဝင်တိုင်းဟာ ကမ္ဘာကျော်ဖြစ်မလာခင် အခက်အခဲတွေ၊ အကျအရှုံးတွေကို ကြုံတွေ့ခံစားကြဖူးပါတယ်။ အဖွဲ့ဝင် (၇) ယောက်စလုံးတင်မက လူတိုင်းမှာ အဆင်မပြေဘဲ ပြိုလဲရတဲ့အချိန်တွေ ရှိဖူးကြမှာပါ။ ဒီအတွက် Suga ဟာ သူ့ရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး အထောက်အကူဖြစ်စေမဲ့ အကြံပြုစကားလေးတွေကို ပြောခဲ့ဖူးပါသေးတယ်။

တခါက Suga ဟာ ၁ နာရီနီးပါးကြာမြင့်တဲ့ Q&A အစီအစဉ် “AskShoopD” ကို ပြုလုပ်ခဲ့ပါတယ်။ Twitter ကနေတဆင့် ပရိသတ်တွေမေးသမျှကို ဖြေကြားပေးခဲ့တာဖြစ်ပြီး “Suga ရေ.. မင်းရဲ့ ပြိုလဲကျရှုံး‌ချိန်တွေကို ဘယ်လိုဖြတ်ကျော်လဲ?” ဆိုတဲ့ မေးခွန်းလေးကို Suga က ဖြေကြားပေးခဲ့ပါတယ်။

“ကျွန်တော်ကတော့ အရှုံးတွေကို မအောင်မြင်ခြင်းလို့ကို သတ်မှတ်မထားပါဘူး။  ကျွန်တော်ကိုယ်တိုင် လဲပြိုချင်လာတိုင်း တော်တော်ကြီးကို အလုပ်တွေများနေအောင် လုပ်ပြီး အပြီးသတ်ရမယ့်ကိစ္စတွေကို အာရုံစိုက်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ အလုပ်တွေအကုန်ပြီးရော.. ပြိုလဲချင်စိတ်လည်း ပျောက်သွားရော။ ဒီလိုမျိုး ကျော်ဖြတ်ပါတယ်… တကယ်လို့ ကျရှုံးမှုကနေ စိတ်မခွာနိုင်တဲ့အခါ မင်းကိုမင်း ဘယ်လိုလူမျိုးလဲဆိုတာကို သေချာစိတ်နှစ်ပြီး ပုံဖော်ကြည့်လိုက်ပါ။ အရာအားလုံးထက် မင်းကိုယ်တိုင်က အရေးကြီးဆုံးဆိုတာကို တွေးနိုင်အောင် ကြိုးစားရမယ်” ဆိုပြီး အကြံပြုခဲ့ပါတယ်။

Suga က အခုလို အသုံးဝင်မယ့်အကြံတွေပေးတာ ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၉ Live လွှင့်တုန်းကလည်း ဘဝအတက်အကျ‌အကြောင်းကို ပြောခဲ့ဖူးပါသေးတယ်။ “လူတိုင်းမှာ ဘဝအတက်အကျနဲ့ကြုံရတဲ့ အချိန်တွေ ရှိတယ်။ မင်း ကျော်ဖြတ်နိုင်ခဲ့ရင်‌တောင် နောက်ထပ်ကြုံတွေ့ရတာတွေ ရှိဦးမှာပဲ။ ဒီတော့ ကျရှုံးတဲ့အချိန်ဆိုတာ ရှိမှာပဲ။ လောကကြီးမှာ မပြိုလဲဖူး‌တဲ့သူဆိုတာ မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကောင်းကောင်းကြီး ကြုံဖူးတယ်။ မအောင်မြင်တဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ ခက်ခဲတယ်ဆိုတာ သိတာပေါ့။

ဘယ်လိုမျိုး လွတ်မြောက်အောင်လုပ်ရမလဲဆိုတာ နည်းလမ်းကောင်းပေးရမလား? မင်းအနေနဲ့ ရှေ့ဆက်နေဖို့ပဲ လိုတယ်။ အဆင်မပြေဖြစ်နေတာကို တွေးကိုမတွေးနဲ့။ မင်း လုပ်မယ်လို့ ဆုံးဖြတ်ထားတာကို လက်မလျော့ဘဲ တစိုက်မတ်မတ်လုပ်နေဖို့ပဲလိုတယ်။ လက်တွေ့မှာ မှော်ဆန်တဲ့ဖြစ်ရပ်ဆိုတာမျိုး မရှိပါဘူး။ အခက်အခဲတွေကျော်ဖြတ်နိုင်ဖို့ ကိုယ်တိုင်ကြိုးစားရမယ်။

ဒီလိုနဲ့ မင်းက အရှုံးတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်ဆိုတာ သိလာလိမ့်မယ်။ တခါတလေတော့ တသက်လုံး ဒီနွံထဲက ရုန်းမထွက်နိုင်တော့ဘူးလို့ ခံစားရမှာပေါ့။ ဒါပေမဲ့ အတိတ်ကိုပြန်ကြည့်လိုက်တဲ့အခါ မင်း လုပ်နိုင်ခဲ့တာတွေကို တွေ့ရလိမ့်မယ်။ ဘာမှထူးမလာဘူးဆိုပြီး ကိုယ့်ကိုကိုယ်လည်း အသုံးမကျဘူးလို့ တွေးစရာမလိုဘူး။ မင်းကြိုးစားနေသရွေ့ တချိန်ချိန်မှာ မှန်းထားတာထက်တောင် ပိုမြင့်တဲ့အဆင့်တစ်ခုမှာ ရောက်နေပါလိမ့်မယ်။

ကျွန်တော်လည်း ဒီလိုပဲ ‌ဖြတ်ကျော်အောင်မြင်ခဲ့တာပါ” ဆိုပြီး အားပေးအကြံပြုခဲ့ဖူးပါသေးတယ်။ Suga ရဲ့ အကြံကတော့ ဘဝတိုးတက်ဖို့ ကြိုးစားနေသူတိုင်းအတွက် အားအင်ဖြစ်စေနိုင်ပါတယ်။ လောကကြီးမှာ အရှုံးနဲ့ မကြုံတွေ့ဖူးတဲ့လူ မရှိတာကြောင့် Suga ရဲ့ အကြံပေးစကားအတိုင်း ရှေ့ဆက်ကြိုးစားနေဖို့ပဲ လိုအပ်ပါတယ်။

Source: Koreaboo
Photos: BigHit Official
Translated by Ivy