Korean Celebrity

“Running Man” ကို မြတ်နိုးမှုနဲ့ ဘဝလမ်းကြောင်းရွေးချယ်ပုံကို မျှဝေခဲ့သူလေး Song JiHyo

Song JiHyo ဟာ ဆိုရင် “Running Man” မှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်တင်ဆက်ခဲ့တာ ဆယ်စုနှစ်ကျော်ပြီဖြစ်ပါတယ်။ အဖွဲ့ဝင်သစ် (၂) ယောက် ရောက်မလာခင် “Running Man” အစောပိုင်းကာလတွေတုန်းက တစ်ဦးတည်းသော မိန်းကလေးအဖွဲ့ဝင်အဖြစ် ပွဲတိုင်းကျော်ခဲ့သူလေးပါပဲ။ ကျန်အဖွဲ့ဝင်တွေနဲ့အတူ မိသားစုဝင်တွေလိုဖြစ်နေတဲ့ “Running Man” အစီအစဉ်အား မြတ်နိုးတန်ဖိုးထားကြောင်းကို မျှဝေခဲ့ဖူးပါတယ်။

JiHyo က “ရသစုံရှိုးတွေမှာပါဝင်ရလို့ ကျွန်မအတွက် နစ်နာသွားတာမျိုးမရှိပါဘူး။ ကျွန်မ လက်ခံရရှိပြီး တိုးပွားလာတာတွေက ပိုလို့တောင်များလာပါသေးတယ်။ ရသစုံရှိုးတွေမှာ မပါခင်တုန်းက ကျွန်မရဲ့ပုံစံဟာ တော်တော်လေး လျှို့ဝှက်ချက်တွေများပြီး dark ဖြစ်တဲ့ ပုံစံမျိုးပါ။ “Running Man” လိုမျိုး Variety Show တွေမှာ ပါလာပြီးနောက်ပိုင်း အချိန်တိုအတွင်းမှာပဲ ရင်းနှီးခင်မင်လွယ်တဲ့ပုံစံမျိုးကို ချပြလို့ရခဲ့ပါတယ်။ အခွင့်အရေးတွေ ပိုရလာခဲ့ပြီး မတူညီဘဲ ကွဲပြားတဲ့အမျိုးအစား၊ ပုံစံတွေကို ပြသခွင့်ရခဲ့ပါတယ်” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။

Song Ji Hyo ဟာ ၂၀၀၁ ခုနှစ်တုန်းက မဂ္ဂဇင်းမော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့တာကြောင့် အနုပညာလောကထဲမှာ ကျင်လည်နေခဲ့တာ အနှစ် (၂၀) ကျော်ပါပြီ။ ဒီလို သက်တမ်းရင့်မင်းသမီးတစ်ယောက်အနေနဲ့ ဂျီဟိုက “ကျွန်မကလေ ကိုယ့်ကိုကိုယ် အလုပ်သရဲ လို့ ထင်မိတယ်။ အသစ်အဆန်းတွေလုပ်ကြည့်ရတာမျိုး၊ လူသစ်တွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ရတာမျိုးအပြင် နေရာဒေသအသစ်ကို သွားလာပြင်ဆင်ရတာမျိုးတွေကို သဘောကျတတ်သူမို့လို့ အမြဲတမ်း ဒီလိုမျိုးလုပ်နေနိုင်ဖို့အတွက် အလုပ်ကို မနားမနေကြိုးစားဖြစ်တယ်။

အသစ်အဆန်းတွေကို စိန်ခေါ်လုပ်ကြည့်ချင်စိတ်တွေ ပျောက်ဆုံးသွားမှာ ကြောက်မိတယ်။ လူတွေအားလုံးကလည်း ‘Song Ji Hyo’ ဆိုတာနဲ့ ပုံသေတသမတ်တည်း မဟုတ်ဘဲနဲ့ ပုံစံမျိုးစုံကွဲထွက်တာမျိုး မြင်စေချင်မိတယ်။ အတိတ်တုန်းက ကျွန်မကလေ ကလေးဆန်ပြီး ပစ္စုပ္ပန်ကိုမတွေးဘဲ တအားအထွန့်တက်တယ်။

အခုချိန်မှာတော့ ကျွန်မနဲ့ အေးအတူပူအမျှရှိပေးသူတိုင်းဟာ ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို သဘောပေါက်လာခဲ့ပါပြီ။ ကျွန်မရဲ့ အတွေးအ‌ခေါ်၊ ခံယူချက်တွေမပြောင်းလဲဘဲ ရှေ့ဆက်ပြီး ရင့်ကျက်လာဖို့ အလုပ်တွေ ပိုပြီး ကြိုးစားရဦးမယ်” ဆိုပြီး သူမရဲ့ အလေ့အထလေးကိုပါ မျှဝေခဲ့ပါတော့တယ်။ အလုပ်ကိုသာ ဦးစားပေးပြီး ဘဝတိုးတက်ဖို့ကြိုးစားနေတဲ့ ဂျီဟို, လို မိန်းကလေးမျိုးကတော့ တကိုယ်တည်းလည်း တောက်ပနေတာ မျက်မြင်ပါပဲနော်။

Source: Soompi
Photos: Soompi
Translated by Ivy