“The Red Sleeve” drama ထဲမှာ သူတို့အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းကို ​​ရွေးချယ်ပြောပြခဲ့တဲ့ Lee Jun Ho နဲ့ Lee Se Young

Posted on

2PM အဖွဲ့ဝင် Lee Jun Ho နဲ့ မင်းသမီး Lee Se Young တို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ “The Red Sleeve” ဇာတ်လမ်းတွဲဟာဆိုရင် King Jeongjo (Lee San) နဲ့ Eui Bin Seong (Seong Deok Im) တို့ကြားက ဝမ်းနည်း​ကြေကွဲဖွယ် အချစ်ဇာတ်လမ်း​လေးကို ဇာတ်အိမ်ခိုင်မာစွာ ရိုက်ကူးထားပြီး ပီပြင်ထူးချွန်တဲ့ သရုပ်​ဆောင်ချက်​တွေ​ကြောင့် လက်ရှိမှာ ပရိသတ်​တွေကြား ​အောင်မြင်​ကျော်ကြား​နေတဲ့ drama တစ်ခုဖြစ်ပါတယ်​။

‘The Red Sleeve’ ဟာ အပိုင်း ၇ ကစလို့ ကြည့်ရှုနှုန်း ၁၀% ကို ​ကျော်လွန်ပြီး ​​သောကြာ-စ​နေ drama ​တွေထဲမှာ နံပါတ် ၁ ​နေရာကို ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိထုတ်လွှင့်ပြသ​နေတဲ့ drama ​တွေထဲမှာ လူကြိုက်အများဆုံး drama အဖြစ် ၄ ပတ်ဆက်တိုက်ရပ်တည်လျက်ရှိပါတယ်။

ဒီဇာတ်လမ်းထဲမှာ အိမ်​ရှေ့စံ Lee San နဲ့ နန်းတွင်းသူ​လေး Seong Deok Im တို့ကြားက ရိုမန့်တစ်ဖြစ်ပြီး ကြည့်ရှုသူ​တွေကိုပါ ရင်ခုန်​စေခဲ့တဲ့ ဇာတ်ဝင်ခန်း​တွေ အ​တော်​လေး ပါဝင်ပါတယ်။ ဒီလို ရိုမန့်တစ်ဖြစ်တဲ့ အချစ်ဇာတ်ဝင်ခန်း​လေး​တွေကပဲ ဇာတ်လမ်းတွဲရဲ့ ဆွဲ​​ဆောင်မှုဖြစ်​​နေတာဖြစ်ပြီး ဒီဇာတ်ဝင်ခန်း​တွေကို လက်​တွေ့ဆန်ဆန်နဲ့ chemistry မိမိ သရုပ်​ဆောင်နိုင်ခဲ့တဲ့ Lee Jun Ho နဲ့ Lee Se Young တို့​ဟာ ဒီဇာတ်လမ်းတွဲ နာမည်ကြီးလူကြိုက်များလာရတဲ့ ​အဓိကသော့ချက်ဖြစ်လာပါတယ်။ ဒါ​ကြောင့် Lee Jun Ho နဲ့ Lee Se Young တို့က ဒီဇာတ်လမ်းတွဲထဲမှာ သူတို့အကြိုက်ဆုံးဇာတ်ဝင်ခန်းကို ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။

အရင်ဆုံး Lee Se Young က သူမရဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်းဟာ ​ရေချိုးကန်ထဲက ဇာတ်ဝင်ခန်းဖြစ်တယ်လို့ ​AsiaOne ကို ပြောပြခဲ့ပါတယ်။ ဒါ​ပေမဲ့ ဒီဇာတ်ဝင်ခန်းကို သရုပ်​ဆောင်ရာမှ နှ​မြောတသဖြစ်မိတဲ့ အချက်​တွေရှိပြီး အပြည့်အဝ စိတ်​ကျေနပ်မှုမရခဲ့ဘူးလို့လည်း သူမက ဆိုပါတယ်။

အဲ့ဒီအ​ကြောင်းအရင်းနဲ့ ပတ်သက်ပြီး​တော့လည်း Lee Se Young က “အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးရင်းတန်းလန်းနဲ့ ကျွန်မ အ​ခြေအ​နေသိပ်မ​ကောင်းတာ​ကြောင့် ရိုက်ကူး​ရေးကို နားလိုက်ရတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ဖို့ ခန္ဓါကိုယ်ကို အ​တော်​လေး ကြိုးစားပြီး ပြင်ဆင်ခဲ့ရတဲ့ Jun Ho ကို အားနာမိတယ်” ဆိုပြီး ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။

အဲ့ဒီဇာတ်ဝင်ခန်းဟာ အပိုင်း ၆ မှာ ပါဝင်တာဖြစ်ပြီး အိမ်​ရှေ့စံမင်းသား Lee San တစ်​ယောက် ​ရေချိုးကန်ထဲမှာ ​ရေစိမ်​နေရင်း နန်းတွင်းသူ​လေး Seong Deok Im နဲ့ က​တောက်ကဆဖြစ်ကြကာ Seong Deok Im တစ်​ယောက် ရေချိုးကန်ထဲကို မ​တော်တဆ ပြုတ်ကျသွားပြီး သူတို့ ၂ ဦးကြားက ရိုမန့်တစ်ဖြစ်တဲ့ အခိုက်အတန့်​လေးကို ဇာတ်လမ်းဆင်ထားတဲ့ ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ဝင်ခန်းမှာ Lee Jun Ho ရဲ့ အမိုက်စား abs ​တွေကိုလည်း အနီးကပ်ရိုက်ချက်​တွေနဲ့ ပြသခဲ့တာကို မြင်​တွေ့ခဲ့ရပါတယ်။ Lee Jun Ho ဟာ အဲ့လို ခန္ဓါကိုယ်မျိုးရရှိ​အောင်လို့ ​နေ့စဉ် ကြက်ရင်ဖုံကိုသာစားပြီး ကင်မရာခလုတ်ဖွင့်ပြီး မရိုက်ခင် ​နောက်ဆုံးမိနစ်အထိ ဒိုက်ထိုးခဲ့ရပါတယ်။

ဒီလို ခက်ခက်ခဲခဲရိုက်ကူးခဲ့ရတာနဲ့အမျှ Lee Se Young ဟာ ဒီဇာတ်ဝင်ခန်းကို သူမအကြိုက်ဆုံးဇာတ်ဝင်ခန်းအဖြစ် ​ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်​တွေအ​နေနဲ့လည်း ဒီဇာတ်ဝင်ခန်းဟာ အကြိုက်ဆုံးဇာတ်ဝင်ခန်း​တွေထဲက တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ Lee Jun Ho က​တော့ Lee San နဲ့ Seong Deok Im တို့ အရွယ်​ရောက်လာပြီး​​နောက် စာကြည့်​ဆောင်ထဲမှာ စ​တွေ့တဲ့ ဇာတ်ဝင်ခန်းကို အနှစ်သက်ဆုံးဇာတ်ဝင်ခန်းအဖြစ် ​ရွေးချယ်ခဲ့ပါတယ်။

ဒါ့အပြင် သူက “ကျွန်​တော်တို့ တက်တက်ကြွကြွနဲ့ အသက်ဝင်​အောင် သရုပ်​ဆောင်​လေ အဲ့ဒီဇာတ်ဝင်ခန်းက ကြည့်လို့​ကောင်း​လေပဲ။ ဒါ​ကြောင့် ကျွန်​တော်တို့ရဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ကြည့်လို့​ကောင်း​နေတာဖြစ်မယ်လို့ ထင်ပါတယ်” ဆိုပြီး ​Asia One ကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ​​​​တော့ သူတို့ရဲ့ သဘာဝဆန်တဲ့ chemistry နဲ့ ရိုမန့်တစ်ဖြစ်တဲ့ အခိုက်အတန့်​လေး​​​တွေ​ကြောင့် ပရိသတ်​တွေလည်း ကြည့်ရင်းနဲ့ သူတို့လိုပဲ ရင်ခုန်စိတ်လှုပ်ရှားမိမှာပါ။ ဒါ​ပေမဲ့ ဒီဇာတ်လမ်းဟာ King Jeong Jo နဲ့ ​တော်ဝင်ကြင်ယာ​တော် Uibin Seong တို့ကြားက ဝမ်းနည်း​ကြေကွဲဖွယ် ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း​လေးကို အ​ခြေခံပြီး ရိုက်ကူးထားတာ​ကြောင့် ကြည့်ရှုသူ​တွေ မျက်ရည်ကျရမယ့် အချိန်လည်း ​ရောက်လာဦးမှာပါ။ မင်းသမီး Lee Se Young ကိုယ်တိုင်ကလည်း မူရင်းဝတ္ထုကို ဖတ်ရင်း အငိုမရပ်နိုင်ခဲ့ဘူးလို့ ​ပြောပြခဲ့ပါတယ်။

သူမက “ကျွန်မ စာအုပ်ဖတ်ပြီးတာ​တောင်မှ အချိန်အကြာကြီး ရင်ထဲမှာ စွဲထင်ကျန်ရစ်​နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူ​တွေရဲ့ ရင်ထဲမှာလည်း ဒီလို စွဲထင်​နေ​အောင် အတတ်နိုင်ဆုံး သရုပ်​ဆောင်သင့်တယ်လို့ ​တွေးမိတယ်” လို့ ​ရှင်းပြခဲ့ပါတယ်။ Lee Jun Ho ကလည်း သူ့ရဲ့ ဇာတ်​​ကောင်က တာဝန်ဝတ္တရားနဲ့ အချစ်ကြားမှာ ​တစ်ခုကို ရွေးချယ်ဖို့ ခက်ခဲပင်ပန်း​နေတဲ့ အချက်ကို ကိုယ်ချင်းစာ​ကြောင်း ပြောပြခဲ့ပါတယ်။

“Drama ထဲက Lee San လိုပဲ ကျွန်​တော်လည်း နှစ်ခုထဲက တစ်ခုကို စွန့်လွှတ်ဖို့ ဖြစ်နိုင်မယ်မထင်ဘူး” ဆိုပြီး သူ့ရဲ့ ခံစားချက်ကို မျှ​ဝေခဲ့ပါတယ်။ ဇာတ်လမ်းက ဝမ်းနည်းစရာ​ကောင်း​ပေမဲ့လည်း ရိုက်ကွင်းရဲ့ အ​​နေအထားက​တော့ ထိုင်းမှိုင်းမ​နေဘူးလို့ Lee Se Young နဲ့ Lee Jun Ho တို့က ​​ပြောပြခဲ့ပါ​သေးတယ်။

Lee Se Young အတွက်​တော့ အခြာ​းသော သရုပ်​ဆောင်​တွေက ​နောက်​ပြောင်ပြီး ဟာသ​တွေ​ပြော​​ပေးတာ​ကြောင့် စိတ်​ပေါ့ပါး​​စေတယ်လို့ သိရပါတယ်။ ဒါ​ပေမဲ့လည်း သူမဟာ က​လေးဘဝတည်းက သရုပ်​ဆောင်လုပ်လာတာဖြစ်ပြီး အနုပညာသက်တမ်း ၂၄ နှစ်ရှိပြီဖြစ်တဲ့အတွက် အခြားလုပ်​ဖော်ကိုင်ဖက်သရုပ်​​ဆောင်​တွေက သူမကို စီနီယာလို့ စ​နောက်ပြီး ​ခေါ်​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။ “အဲ့လိုအချိန်ဆို ကျွန်မက​တော့ သူတို့နဲ့ အလိုက်အထိုက်​နေပြီး ရိုက်ကွင်းရဲ့ အ​​နေအထားကို ​ပျော်စရာ​ကောင်း​အောင် ထိန်း​လေ့ရှိတယ်” ဆိုပြီး​တော့လည်း သူမက ရှင်းပြခဲ့ပါတယ်။

Lee Jun Ho ကလည်း သူ့အ​နေနဲ့ ဝမ်းနည်းစရာ ဇာတ်ဝင်ခန်းကို သရုပ်​ဆောင်ပြီးတာနဲ့ စိတ်ထဲမှာမထား​တော့ဘူးလို့ ဆိုပါတယ်။ ​နောက်ပြီး သူက “ကျွန်​တော်တို့ ရိုက်ကွင်းအ​နေအထားက ​ယေဘုယျအားဖြင့် သက်​တောင့်သက်သာရှိပြီး ​ပျော်စရာ​ကောင်းပါတယ်။ ဒါ​ကြောင့် ရိုက်ကူး​ရေးလုပ်တိုင်း မျက်နှာ​ပေါ်မှာ အပြုံးနဲ့ လုပ်နိုင်ခဲ့တယ်” ဆိုပြီး ​ပြောပြခဲ့ပါတယ်။

“The Red Sleeve” ဇာတ်လမ်းတွဲကို အပတ်စဉ် ​သောကြာနဲ့ စ​နေ​နေ့တိုင်း MBC ရုပ်သံလိုင်းက​နေ ပြသ​နေတာဖြစ်ပြီး မကြာ​သေးခင်က မူလစီစဉ်ထားတာထက် အပိုင်းတစ်ပိုင်းတိုးပြီး ထုတ်လွှင့်သွားမယ်လို့ ​ကြေငြာခဲ့ပါတယ်။

Source : AsiaOne
Photo : MBC
Written : ZL