JYP နဲ့ လမ်းခွဲမယ့်အပြင် ချစ်ရသူနဲ့ ကိုယ်ဝန်ရနေတဲ့အ‌ကြောင်း အသိပေးခဲ့တဲ့ Chansung

Posted on

JYP Entertainment ရဲ့ နာမည်ကျော်အဖွဲ့ 2PM ရဲ့ အဖွဲ့ဝင် Chansung ဟာ ချစ်ရသူ ကိုယ်ဝန်ရှိနေတဲ့အကြောင်း သတင်းကောင်းပါးခဲ့ပြီးနောက် JYP Entertainment နဲ့ ဇန်နဝါရီလမှာ လက်တွဲဖြုတ်တော့မယ့်အကြောင်း အသိပေးခဲ့ပါတယ်။ December 15 ရက်နေ့မှာပဲ Chansung ဟာ သူ့ရဲ့ Instagram ကနေတဆင့် လက်ထပ်မယ့်အကြောင်းအပြင် သူ့ရဲ့ အစီအစဉ်တွေကို လက်ရေးစာနဲ့အတူ အသိပေးခဲ့တာဖြစ်ပါတယ်။

စာထဲမှာ “Hello… 2PM’s Chansung ပါ။ ဒီမှာတော့ ဆောင်းတွင်းထဲရောက်နေပြီ။ ပြန်တွေးကြည့်တော့ ကျွန်တော် အသက် ၁၇ ကတည်းက အနုပညာအလုပ်တွေစလုပ်ခဲ့တာ အခုဆိုရင် သက်တမ်းက ၁၅ နှစ်တောင် ကျော်ပြီပဲ။ အမှတ်တရတွေအများကြီးရှိသလို ဒီနေ့အချိန်အထိ ရပ်တည်နိုင်အောင် ပံ့ပိုးခဲ့တဲ့ HOTTEST အားလုံးကို ကျေးဇူးတင်နေမိပါတယ်။

ဒီနေ့မှာတော့ ကျွန်တော့်ဘဝရဲ့ ပျော်ရွှင်မှုတွေကို မျှဝေချင်လို့ပါ။ ကျွန်တော်ဟာ ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ တော်တော်လေးကြာပါပြီ။ သူမက ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းပိုက်ထားသူလေးပါပဲ။ ကျွန်တော့်အတွက် အချိန်အကြာကြီး သူငယ်ချင်းဖြစ်ပေးခဲ့သူဆိုလည်း ဟုတ်ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ ချစ်သူကောင်မလေးဖြစ်နေပါပြီ။

ကျွန်တော် စစ်မှုထမ်းပြီး သူမနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းမှာပဲ ကျွန်တော်တို့နှစ်‌ယောက်ရဲ့ ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပါပြီ။ မျှော်လင့်ထားတဲ့အချိန်ထက် စောပြီးရောက်လာတဲ့ ရင်သွေးလေးအတွက် နောက်နှစ်အစောပိုင်းမှာပဲ အမြန်ဆုံးလက်ထပ်သွားပါတော့မယ်။ ခုကတော့ ကိုယ်ဝန်က လနုသေးပေမဲ့ အားပေးသူတွေကို အရင်ဆုံးအသိပေးချင်လို့ အခုလို စာရေးလိုက်တာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ အမျိုးသမီးလေးဟာ အနုပညာနယ်ပယ်ထဲကမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သူမ ဘယ်သူလဲဆိုတာကို ဖော်ပြခြင်းမရှိတဲ့ ကျွန်တော့်ကို နားလည်ပေးမယ်လို့ ထင်ပါတယ်။ ပြီးတော့… ၁၅ နှစ်ကြာ လက်တွဲခဲ့တဲ့ JYP Entertainment နဲ့ စာချုပ်က ဇန်နဝါရီလမှာပဲ ကုန်ဆုံးပါတော့မယ်။ ကျွန်တော့်မိသားစုနဲ့အတူ ကိုယ်ပိုင် ဘဝလမ်းကြောင်းကို လျှောက်လှမ်းချင်တာကြောင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ စာချုပ်ကို အသစ်မချုပ်ဆိုတော့ပါဘူး။

ရှေ့ရေးအတွက်ပါ မျှော်ကိုးပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်လို့ ကုမ္ပဏီဖက်လည်း ကောင်းချီးပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီးကို နှုတ်ဆက်တော့မှာဖြစ်ပေမဲ့ အချင်းချင်း ကူညီအားပေးနေဦးမှာပါ။ ရှေ့ဆက်မယ့်အစီအစဉ်တွေအတွက် သေချာ မဆုံးဖြတ်ရသေးပေမဲ့ ပရိသတ်တွေကို အသိပေးပါမယ်။

ရုတ်တရက်ကြီး အခုလို အသိပေးရတဲ့အတွက် HOTTEST တွေ ဘယ်လိုခံစားနေရမလဲဆိုတာကိုလည်း စိတ်ပူမိပါတယ်။ 2PM အဖွဲ့ရဲ့ အငယ်ဆုံး Chansung, သရုပ်ဆောင် Hwang Chansung အဖြစ် အားလုံးက ဂုဏ်ယူရအောင် ရှေ့ဆက်ကြိုး‌စားနေပါဦးမယ်။ ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားခဲ့တာပါ။ မိသားစုဘဝလေးကို တည်ဆောက်မယ့်အပြင် ဆောင်းတွင်းအေးအေးမှာ ရောက်ရှိလာတဲ့ရင်သွေးလေးကြောင့်ပါ ထပ်တူပျော်ရွှင်မိပါတယ်။

Source: Soompi
Photos: Instagram
Translated by Ivy