ချစ်မိသွားခဲ့ရင် ပေါ့ပျက်ပျက်မဟုတ်ဘဲ လေးနက်စွာချစ်သွားမယ်, လို့ဆိုတဲ့ အရှင့်သား JunHo

Posted on

လက်တလော The Red Sleeve ဇာတ်လမ်းတွဲနဲ့ မိန်းကလေးတွေရဲ့ နှလုံးသားကို စိုးမိုးထားသူကတော့ အရှင့်သား JunHo ပါပဲ။ နန်းတွင်းသူလေးကိုမှ တန်ဖိုးထားစွာနဲ့ နူးနူးညံ့ညံ့လေးချစ်ပြတတ်တဲ့ အိမ်ရှေ့စံအဖြစ် သရုပ်ဆောင်ထားသူ 2PM’s JunHo ဟာ လက်တွေ့ဘဝမှာလည်း အချစ်ရေးနဲ့ပတ်သက်လာရင် တကယ်ကို ကြွေလောက်စရာခံယူချက်တွေရှိနေပါတယ်။ တခါက အင်တာဗျူးတစ်ခုမှာ အချစ်ရေးနဲ့ပတ်သက်လို့ လေးလေးနက်နက်ကြီး ဆွေးနွေးပေးခဲ့ဖူးပါတယ်။

အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ JunHo ရဲ့ အချစ်အပေါ် တန်ဖိုးထားလေးစားပုံကတော့ စကားလုံးလေးတွေကနေ ခံစားမိစေနိုင်ပါတယ်။ “ကျွန်တော်က date မလုပ်တာ ၁၀ နှစ်ကျော်လောက်ရှိပါပြီ။ အနုပညာအလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ချင်တာကြောင့် ဘယ်သူနဲ့မှ မတွဲဖြစ်ခဲ့တာပါ။ တချို့ တအားအလုပ်များပေမဲ့ ချစ်သူရည်းစားထားကြပါတယ်။

ကျွန်တော်ကတော့ တချိန်တည်းမှာ အလုပ် (၂) ခုကို ပြိုင်တူမလုပ်နိုင်တဲ့ အကျင့်စရိုက်ရှိတော့ အဆင်မပြေဘူး။ တခုခုကို သေချာအာရုံစိုက်ဖို့ဆိုရင် ကျန်တဲ့အရာအားလုံးကို လွှတ်ချပြီးမှ လုပ်နိုင်တဲ့သူမျိုးပါ။ ဒီတော့ ကျွန်တော့်အတွက် အခက်အခဲတွေရှိနေပါတယ်။ ငယ်တုန်းကကျတော့ အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလွန်းတော့ ‘မင်း အလုပ်ကိုပဲ အာရုံစိုက်ထားရမယ်’ ဆိုပြီး ကိုယ့်ကိုကိုယ် ထိန်းတယ်။

ဒါကြောင့်မို့လို့ ဆုံးဖြတ်ချက်ရှိရှိနဲ့ကို ဘယ်ကောင်မလေးနဲ့မှ မတွဲဖြစ်တော့တာပါ။ အခုတော့ ခံယူချက်တွေလည်း ပြောင်းကုန်ပါပြီ။ ဖြစ်သင့်လို့ ဖြစ်လာတဲ့အရာတိုင်းကို ကျွန်တော့်အနေနဲ့ လက်ခံပါတော့မယ်။ ချစ်မိသွားရင်လည်း ချစ်လိုက်မှာပေါ့။ ဒါပေမဲ့ အပျော်သဘောမျိုးတွဲတဲ့ အချစ်ရေးမျိုး မလိုချင်ဘူး။ ဟိုမရောက်ဒီမရောက် ပေါ့ပျက်ပျက်နဲ့ relationship ကြီးတော့ မကြိုက်ပါဘူး။ ဖူးစာရေစက်ပါလို့ ချစ်ရတာမျိုးပဲ ဖြစ်ချင်ပါတယ်။

ကျွန်တော့်စရိုက်ကလေ မသေချာတာမျိုးကို မကြိုက်တဲ့သူမျိုးဆိုတော့ ချစ်မိသွားရင်တောင် တကယ်ကိုချစ်လွန်းလို့ ထာဝရလက်တွဲဖို့အတွက် Date တာမျိုး ဖြစ်မှာပါ” ဆိုပြီး JunHo က ပြောပြခဲ့ဖူးပါတယ်။ တန်ဖိုးထားမြတ်နိုးရသူကို အဆုံးထိကာကွယ်စောင့်ရှောက်ရင်း လက်တွဲသွားဖို့ကို JunHo က လိုချင်ပုံပါပဲ။ ကြုံရာတွဲတာမျိုးမဟုတ်ဘဲ တကယ်ချစ်မှသာ တွဲမယ့်ကောင်လေးမျိုးမို့လို့ JunHo ကတော့ ရုပ်ရည်သွင်ပြင်၊ စိတ်နေစိတ်ထားကအစ မိန်းကလေးတွေအကြိုက် Boyfriend Material ကြီးပါပဲနော်။

Source: Koreaboo
Photos: Naver
Translated by Ivy