“Snowdrop” ကို မပြသဖို့ လက်မှတ်​ရေးထိုးသူ​ သိန်း​ချီလာတဲ့အတွက် စပွန်ဆာကုမ္ပဏီ​တွေ တစ်ခုပြီးတစ်ခု နုတ်ထွက်

Posted on

​တောင်ကိုရီးယားနိုင်ငံသား​တွေဟာ “Snowdrop” ဇာတ်လမ်းတွဲ မပြသခင် ၂၀၂၁ ခုနှစ် ဧပြီလ​လောက်တည်းက ဒီဇာတ်လမ်းတွဲကို မပြသဖို့ အိမ်ပြာ​တော်ကို ဝိုင်းဝန်းအသနားခံခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဟာ သမိုင်းကို လွဲမှားစွာ ​ဖော်ပြ​နေတယ်ဆိုတဲ့ အချက်​ကြောင့် ပရိသတ်​တွေဟာ ဇာတ်လမ်းပြသဖို့ကို ဝိုင်းဝန်းကန့်ကွက်ခဲ့တာဖြစ်​ပေမဲ့ JTBC က ​ဖြေရှင်းချက်ထုတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်​နေ့မှာ ဒီဇာတ်လမ်းတွဲကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။

ဒါ​ပေမဲ့ ပထမဆုံး အပိုင်း ၂ ပိုင်း ပြသပြီးချိန်မှာပဲ ​တောင်ကိုရီးယားနိုင်ငံသား​တွေဟာ ဒီဇာတ်လမ်းထုတ်လွှင့်မှုကို ရပ်တန့်​ပေးဖို့ အိမ်ပြာ​တော်ကို အသနားခံစာ ထပ်တင်ခဲ့ပါတယ်။ ဒီအသနားခံစာကို ဒီဇင်ဘာလ ၁၉ ရက်​နေ့မှာ စတင်ဖန်တီးခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်​နေ့မှာဆိုရင် ဇာတ်လမ်းထုတ်လွှင့်မှုကို ရပ်တန့်ဖို့ ​ထောက်ခံအား​ပေးတဲ့ လက်မှတ်​ရေးထိုးသူ​ပေါင်း ၂ သိန်း​ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ အသနားခံစာမှာ “Snowdrop” ဟာ ​တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုက​ရေစီလှုပ်ရှားမှု သမိုင်းကို လွဲမှားစွာ​ဖော်ပြ​နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ​မြောက်ကိုရီးယားစပိုင်တစ်ဦးကို ​ဒီမိုက​ရေစီလှုပ်ရှားမှုမှာ ပါဝင်အား​ပေးသူအ​နေနဲ့ ​​​ဖော်ပြထားပြီး တကယ် ဒီမိုက​ရေစီအ​ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ​ကျောင်းသား​ပြည်သူတွေကို စပိုင်အဖြစ် စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်တဲ့ ​အစိုးရ​ကောင်စီကို မှန်ကန်တဲ့ တာဝန်ထမ်း​ဆောင်​နေတဲ့ပုံစံမျိုး ရိုက်ကူးပြသထားတာ​ကြောင့် ဖြစ်တယ်လို့ ကြည့်ရှုသူ​တွေက ဆိုပါတယ်။ ဒီလို လွဲမှားတဲ့ သမိုင်းကို နိုင်ငံတကာပရိသတ်​တွေက အမှန်ထင်သွားမှာကိုလည်း ​တောင်ကိုရီးယားပရိသတ်​​တွေက စိုးရိမ်​နေကြပါတယ်။

ဒီ drama ဟာ ၁၉၈၀ ဝန်းကျင်က သမိုင်း​ကြောင်းကို အတိအကျပြန်လည်ရိုက်ကူးထားတာ မဟုတ်ပဲ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းသက်သက်သာဖြစ်​ပေမဲ့လည်း ဇာတ်ညွှန်းနဲ့ စာ​ရေးသူရဲ့ ကာရိုက်တာ​ဖွဲ့စည်းပုံက ကြည့်ရှုသူ​တွေအတွက် လက်မခံနိုင်စရာဖြစ်​နေတာပါ။ ယခုနှစ်အ​စောပိုင်း KBS က ထုတ်လွှင့်ခဲ့တဲ့ “Youth of May” ဇာတ်လမ်းတွဲဟာဆိုရင်လည်း “Snowdrop” လို ၁၉၈၀ ခုနှစ်ဝန်းကျင်ကို အ​ခြေခံထားတဲ့ ဝမ်းနည်းဖွယ်အချစ်ဇာတ်လမ်းဖြစ်​ပေမဲ့ ခုလိုဝေဖန်မှု​တွေကို မခံခဲ့ရပါဘူး။

ဒါ့အပြင် “Snowdrop” ဟာ ယခင်က သမိုင်းကို လွဲမှား​ဖော်ပြတယ်ဆိုပြီး တစ်​နေ့တည်းမှာ လက်မှတ်​ရေးထိုးသူ ၁၂၇,၀၀၀ ရှိခဲ့တဲ့ “Joseon Exorcist” ထက် ​​ကျော်လွန်ပြီး တစ်​နေ့တည်းမှာ လက်မှတ် ၂ သိန်း​ကျော်ကို ရရှိခဲ့တာ​ကြောင့် ဒီဇာတ်လမ်းတွဲကို စပွန်ဆာ​ပေး​နေတဲ့ P&J Group, Puradak Chicken နဲ့ Dyson Korea တို့ကလည်း သူတို့ရဲ့ စပွန်ဆာ​ပေးမှုကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒီလို ပြင်းထန်တဲ့ ​ဝေဖန်မှု​တွေကို ခံ​နေရ​ပေမဲ့လည်း “Snowdrop” ဟာ အပိုင်း ၂ မှာ ကြည့်ရှုနှုန်း မြင့်တက်လာခဲ့ပါတယ်။ ပထမဆုံးအပိုင်းက ၂.၃၄၄% ရရှိခဲ့ပြီး ဒုတိယအပိုင်းမှာ​တော့ ၃.၁၉၅% ရရှိခဲ့တာပါ။ အသနားခံစာနဲ့ ပတ်သက်ပြီး အိမ်ပြာ​တော်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း​တော့ မရှိ​သေး​ပေမဲ့ “Snowdrop” ဇာတ်လမ်းတွဲရဲ့ ပရိသတ်​တွေက​တော့ ဇာတ်လမ်းထုတ်လွှင့်မှု ရပ်တန့်လိုက်မှာကို စိုးရိမ်​​နေကြပါတယ်။

Source : Koreaboo, Kbizoom
Photo : Kbizoom
Written : ZL