ကိုရီးယားအနုပညာ​လောကမှာ မိမိရဲ့ ဒစ်ဂျစ်တယ်ကိုယ်ပွားကို ထုတ်လုပ်သွားမယ့် ပထမဆုံးမင်းသားဖြစ်လာတဲ့ Kim Soo Hyun

Posted on

ဒီဇင်ဘာလ ၂၁ ရက်​နေ့မှာ မင်းသား Kim Soo Hyun ရဲ့ ​အေဂျင်စီဖြစ်တဲ့ Gold Medalist က ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုး​ရေးကုမ္ပဏီ EVR Studio နဲ့ ပူး​ပေါင်းပြီး မင်းသား Kim Soo Hyun ရဲ့ ဒစ်ဂျစ်တယ်ကိုယ်ပွားကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ အသိ​ပေး​ပြောကြားလိုက်ပါတယ်။ ဒစ်ဂျစ်တယ်ကိုယ်ပွားဆိုတာက​တော့ 3D နည်းပညာနဲ့ လူသားအစစ်တစ်​ယောက်လို အသွင်အပြင်နဲ့ အမူအရာ​တွေပြုမူနိုင်တဲ့ virtual လူသား​တွေဖြစ်ပါတယ်။

မင်းသား Kim Soo Hyun ရဲ့ ဒစ်ဂျစ်တယ်လူသားကိုယ်ပွားကို ပြုလုပ်ခြင်းဟာ အနာဂတ်မျိုးဆက် မီဒီယာ​စျေးကွက်အတွက် ပထမဆုံး​ခြေလှမ်းကို စတင်ပြင်ဆင်ခြင်းဖြစ်ပြီး ​ဖျော်​ဖြေ​ရေး၊ ရုပ်ရှင်နဲ့ ကြေငြာစတဲ့ နယ်ပယ်မျိုးစုံမှာ အသုံးပြုသွားမယ်လို့ Gold Medalist က ဆိုပါတယ်။

တောင်ကိုရီးယားမှာ လက်ရှိရှိ​နေတဲ့ ဒစ်ဂျစ်တယ်လူသား​တွေနဲ့မတူပဲ မင်းသား Kim Soo Hyun ရဲ့ ဒစ်ဂျစ်တယ်ကိုယ်ပွားကို အသက်အရွယ်အပိုင်းအခြား​ပေါ် မူတည်ပြီး ပုံစံမျိုးစုံထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် EVR Studio ရဲ့ hyperrealistic ဒီဂျစ်တယ်​ဖော်ပြမှု နည်းပညာကို အသုံးပြုပြီး လူသားအစစ်​တွေမှာ ဖြစ်​ပေါ်​လေ့ရှိတဲ့ အသားအ​ရေ၊ ကြွက်သား၊ အသံ​ပြောင်းလဲခြင်းတွေကိုပါ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

Gold Medalist ရဲ့ တာဝန်ရှိသူတစ်ဦးက “ဒစ်ဂျစ်တယ်လူသား​စျေးကွက်က အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဒီဂျစ်တယ်ပုံတူအခွင့်အရေး​တွေဟာ ဒစ်ဂျစ်တယ်လူသား​တွေကို အသုံးချနိုင်တဲ့ လုပ်ငန်းအမျိုးမျိုးမှာ ဒစ်ဂျစ်တယ် content IP နဲ့အတူ အရေးကြီးတဲ့ keyword ဖြစ်လာမှာဖြစ်ပါတယ်။ ကျွန်​တော်တို့ အနုပညာရှင်ရဲ့ ဒစ်ဂျစ်တယ်ကိုယ်ပွားက မတူညီတဲ့ ဆွဲ​ဆောင်မှုတစ်မျိုးနဲ့ ပရိသတ်​တွေကို ​ဖျော်​ဖြေ​ပေးသွားမှာ ဖြစ်ပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။

ယခုအချိန်ထိ ​​တောင်ကိုရီးယားမှာ အမျိုးမျိုးသာ ဒစ်ဂျစ်တယ်လူသား​တွေကို ထုတ်လုပ်ခဲ့​ပေမဲ့ Kim Soo Hyun လို လွှမ်းမိုးမှုကြီးမားတဲ့ Hallyu စတားတစ်​ယောက်ကို ဒစ်ဂျစ်တယ်လူသားအဖြစ် ထုတ်လုပ်သွားမှာက​တော့ ဒါပထမဆုံးဖြစ်ပါတယ်။ ​ဟောလီးဝုဒ်မှာ​လည်း ဒီလိုမျိုး သရုပ်​ဆောင်​တွေကို ဒစ်ဂျစ်တယ်လူသားအဖြစ် ထုတ်လုပ်ပြီး အထူးပြုလုပ်ချက်​တွေ၊ လူအစစ်က သရုပ်​ဆောင်ဖို့ ခက်ခဲတဲ့ ဇာတ်ဝင်ခန်း​တွေမှာ အစားထိုးအသုံးပြုကြပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL