Insurance V

Idol ဖြစ်အောင်လုပ်မယ်, လို့ပြောတိုင်း ဘယ်သူကမှ အယုံအကြည်မရှိခဲ့ကြကြောင်း ပြောပြခဲ့တဲ့ V

Posted on

BTS အဖွဲ့ဝင် (၇) ယောက်စလုံးဟာ သူတို့အဖြစ်ချင်ဆုံး အဆိုတော်တစ်ယောက်ဘဝကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ။ Idol တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက်ဟာ မသေချာလှတာကြောင့် အများက သံသယမျက်လုံးနဲ့ကြည့်ကြတာမျိုးကို V လည်း ခံစားရရှာဖူးပါတယ်။ Vogue နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ V ဟာ သူ့ရဲ့ ဘဝဖြစ်စဉ်လေးကို အနည်းငယ်ပြောပြခဲ့ပါတယ်။

MBTI personality type ပြောင်းသွားခြင်းကို ပြောရင်းနဲ့ V ဟာ “အပြောင်းအလဲတွေဆိုတာ ဆိုးတဲ့အရာတွေလို့ မထင်မိပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်ဟာက ကျွန်တော့်အတွက် ပိုပြီးသင့်တော်မလဲဆိုတာကို ချိန်ဆလို့ ရသွားတာပေါ့။ ကျွန်တော်ရဲ့ ဘေးမှာအမြဲရှိနေတဲ့ လူတွေကြောင့်ပဲ ကောင်းမွန်စွာကြီးပြင်းနိုင်ခဲ့တယ်။

အနုပညာလမ်းခရီးကို စတင်လျှောက်လှမ်းချိန်က ဆူးငြောင့်ခလုတ်တွေအများကြီးပဲ။ တခါတလေတော့လည်း နာကျင်ရတာမျိုးရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ရှေ့ဆက်ဖို့မကြောက်ခဲ့ပါဘူး။ ဒီလိုအပြောင်းအလဲတွေ၊ အထိအခိုက်များတဲ့အချိန်တွေမှာ ကျွန်တော့်အနေနဲ့ ဘယ်လိုမျိုးကိုင်တွယ်လုပ်ဆောင်မလဲဆိုတာ အရေးအကြီးဆုံးပါပဲ။

ငယ်စဉ်ကျောင်းတက်တုန်းက Idol ဖြစ်ချင်တယ်လို့ပြောတိုင်း သံသယမျက်လုံးတွေနဲ့ ကြည့်ခံရတယ်။ ကျွန်တော်က အဆိုတော်ဖြစ်ချင်တယ်, လို့ ပြောတိုင်း ဘယ်သူကမှ တရေးတယူမလုပ်သလို၊ အယုံအကြည်လည်း မရှိခဲ့ကြဘူး။ ဒီတိုင်း ‘ဖြစ်‌အောင်လုပ်ကြည့်ပေါ့ကွာ’ ဆိုပြီးပဲ ပေါ့ပေါ့တန်တန် အပြောခံရတယ်။ BTS ကတော့ ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်စေခဲ့ပါတယ်။

တချို့ကဆိုပြောကြသေးတယ်။ ကျွန်တော်ကြိုက်တဲ့အရာကို ဝါသနာအနေနဲ့ပဲ ထားသင့်တယ်.. အလုပ်တစ်ခုလို မလုပ်သင့်ဘူး ဆိုပြီးတော့ပေါ့။ ကျွန်တော်ကတော့ လက်မခံနိုင်ပါဘူး။ ကျွန်တော်မြတ်နိုးတဲ့အရာတိုင်းကို အသက်မွေးဝမ်းကျောင်းအနေနဲ့ ကျွမ်းကျင်အဆင့်ရောက်တဲ့အထိ လုပ်ပါတယ်။

တကယ်လို့ လုပ်ချင်တာကို အဆင်ချောအောင် မလုပ်နိုင်တဲ့အခါ အချိန်အများကြီးအားစိုက်ပြီး လေ့ကျင့်လိုက်တယ်။ ဒီနည်းက ကျွန်တော့်ကို တိုးတက်ကောင်းမွန်စေသွားတာပါပဲ။ လူတွေက ကျွန်တော် လုပ်နေတဲ့အရာကို သဘောကျတယ်ဆိုရုံနဲ့ ကျေနပ်ပျော်ရွှင်ပြီး ဘဝကြီးအတွက် တန်ဖိုးရှိနေပါပြီ” လို့ ဖြေပေးခဲ့ပါတယ်။

ငယ်စဉ်က Idol ဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့သူ Kim Tae-hyung လေးကို ဒီလောက်ထိအောင်မြင်အောင် လုပ်ပြနိုင်လိမ့်မယ်လို့ ထင်မိကြမှာမဟုတ်ပါဘူး။ V ကတော့ “မဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်သေးတာပဲ ရှိတယ်” ဆိုတဲ့ လောကကြီးရဲ့နိယာမကို အလုပ်နဲ့သက်သေပြသွားခဲ့ပါတယ်။ ဘယ်အရာမဆို မလျှော့သောဇွဲနဲ့ ကြိုးစားရင် တချိန်ချိန်မှာတော့ အိပ်မက်တွေပြည့်မြောက်လာပါလိမ့်မယ်နော်။

Source: Vogue
Photos: BigHit Music
Translated by Ivy