နေမကောင်းနေတဲ့ Yeontan လေးကို ရည်ရွယ်ပြီး နွေးထွေးတဲ့စကားလေးတွေ ပို့သလိုက်တဲ့ V

Posted on

Yeontan (ခေါ်) ဖင်မဲလုံးလေး ကတော့ BTS အဖွဲ့ဝင် V မွေးစားထားတဲ့ အချစ်တော်ခွေးလေးပါ။ ၂၀၁၇ တုန်းက V ဟာ Yeontan ကို မိတ်ဆက်ပေးခဲ့ပြီး ထိုစဉ်ကစလို့ ARMY တွေခမျာ V ကိုလည်း ချစ်ရ၊ Yeontan ကိုလည်း ချစ်ရနဲ့ ပိုင်ရှင်ကော၊ ခွေးလေးကြားမှာပါ ဗျာများနေရရှာပါတယ်။ မကြာသေးခင်က V ဟာ GQ Korea နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး Yeontan လေး နေမကောင်းတာကြောင့် ခွဲစိတ်မှုတွေ ခံယူခဲ့ရကြောင်းကို ပြောပြခဲ့ပါတယ်။

နှစ်သစ်အတွက် ဆုတောင်းကိုမေးရင်း ပြီးခဲ့တဲ့ ၂၀၂၁ အတွက် တစုံတယောက်ကို ကျေးဇူးတင်ခိုင်းတဲ့အခါမှာတော့ V က ချက်ချင်းဆိုသလို “ကျွန်တော့်အတွက်ကတော့ Tan လေးကို ကျေးဇူးတင်မယ်။ ကျွန်တော့်ရဲ့ မိသားစုဝင်ခွေးလေးကိုပါ” ဆိုပြီး ပြောခဲ့ပါတယ်။ V ဟာ Tan လေးကို တအားချစ်ပြီး သူ့အတွက်အရေးကြီးဆုံး ခင်တွယ်ရာလေးဆိုတာကို ARMY တိုင်း အသိဆုံးပါပဲ။

ဒါပေမဲ့လည်း V ဟာ Tan လေးရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြတဲ့အခါမှာတော့ အားလုံး စိတ်မကောင်းတွေဖြစ်ကာ အမြန်သက်သာဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ V က “Tan လေးအကြောင်း ပြောပြလို့ဖြစ်လား? ဟုတ်ကဲ့… Tanie ခမျာ ခက်ခဲတဲ့အချိန်လေးတွေ ရှိနေတယ်။ မွေးကတည်းက လေပြွန်ကျဉ်းနေတာကြောင့် သူ့ရဲ့ကျန်းမာရေးက အပြည့်အဝ မကောင်းပါဘူး။ သူ့ခမျာ ခက်ခက်ခဲခဲနဲ့ အသက်ရှူရတယ်။ နည်းနည်းလေးပြေးရင်တောင်မှ မလှုပ်နိုင်တဲ့အခြေအနေအထိ ဖြစ်သွားတတ်တယ်။

ဒါကြောင့်မို့လို့ Tan လေး မြန်မြန်ကောင်းမွန်သွားအောင် ၂၀၂၁ အတွင်းမှာကို ခွဲစိတ်မှု (၂) ကြိမ်လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီအတွက်ကြောင့် ဆေးကုသမှုတွေ‌ကတော့ ဆက်လက်ပြီး ခံယူနေရပါတယ်” ဆိုပြီး ရင်ဖွင့်ခဲ့ပါတော့တယ်။ V ဟာဆိုရင် Tan လေးရဲ့အခြေအနေကို သေချာသိနေတော့ အထူးချုပ်ထားတဲ့ အိတ်လေးနဲ့ သယ်ပြီးခေါ်နေပါတော့တယ်။

နေမကောင်းနေတဲ့ Tan ကို စာလေးတစ်စောင်ရေးခွင့်သာရမယ်ဆိုရင် “ကျွန်တော့်ရဲ့ Tan လေးဆီသို့… ခက်ခဲနေတဲ့အခြေအနေမှာတောင် သည်းခံပြီး သန်သန်မာမာရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသက်ဆက်ရှင်ပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အနာဂတ် လက်ကျန်အချိန်တွေမှာ ငါတို့ ၂ ယောက်အတူတူ ပျော်စရာအမှတ်တရတွေကို ဖန်တီးကြမယ်နော်။ မင်း တဖြည်းဖြည်ကြီးပြင်းလာတဲ့အချိန်လေးကို မြင်ချင်သေးတယ်.. Tannie” လို့ ရေးသားမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းလေးကို သိရ‌ပြီးနောက် ARMY တွေဟာ V အတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ V ကတော့ သူ့ရဲ့ ခပ်ဆိုးဆိုးအကောင်လေးအကြောင်းကို သဘောတွေကျနေတဲ့ အဖေကြီးတစ်ယောက်လိုမျိုး ပြောခဲ့ပြန်ပါသေးတယ်။ “အဲ့ကောင်‌ကလေ ခွေးလေးတွေအတွက် အထူးထုတ်ပေးထားတဲ့ ဖြည့်စွက်စာတွေကိုဆိုရင် မစားဘူး။ မဟုတ်က,ဟုတ်က အသင့်စားလို့ရတဲ့ရတဲ့ဟာမျိုးဆိုရင် အားရပါးရစားပြီ။ အဲ့လိုမျိုး အာဟာရမရှိတဲ့ဟာမျိုးတွေပဲစားတယ်။

အဲ့တာကြောင့်လည်း ကျန်းမာရေးက ထိခိုက်လာတာ။ ဒါပေမဲ့ ပြောလို့ဆိုလို့က မရဘူး။ ခေါင်းမာချက်ကတော့ လက်လန်တယ်” ဆိုပြီး သဘောကျစွာနဲ့ ဖောက်သည်ချခဲ့ပါတော့တယ်။ Yeontan ဟာ မွေးကတည်းက အဆုတ်လေပြွန်က ကျဉ်းနေတဲ့ရောဂါ ပါလာခဲ့ပါတယ်။ အခုချိန်မ‌ှာတော့ ရောဂါဒဏ်ကြောင့် အဆင်မပြေဖြစ်နေရှာလို့ V က အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ၄ နှစ်လုံးလုံး V ရဲ့ ဘေးမှာအမြဲရှိနေပေးပြီး ပျော်ရွှင်စေခဲ့တဲ့ Tan လေးလည်း အမြန်ဆုံးသက်သာသွားနိုင်ဖို့ ARMY တွေက ဆုတောင်းပေးနေကြပါတယ်။

Source: ThreeStars
Photos: Naver
Translated by Ivy