“Ace Troops” ထဲက အငိုဇာတ်ဝင်ခန်းတွေဟာ ပီပြင်လွန်းတာကြောင့် ချီးကျူးခံရတဲ့ Xiao Zhan

Posted on

ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ Xiao Zhan ဟာ သူရဲ့ ချောမောတည်ကြည်တဲ့ရုပ်ရည်ကြောင့်လည်း လူသိများလှပါတယ်။ မင်းသားချောတစ်ဦးဖြစ်ပေမဲ့လည်း Ace Troops စစ်ကားထဲမှာ တကယ့်စစ်သားလိုမျိုး ပီပြင်လှတဲ့အထိ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ကြည့်ရင်းနဲ့ မှင်သက်ရတာအကြိမ်ကြိမ်ပါပဲ။

ပြသပြီးစီးခဲ့တဲ့အပိုင်းတစ်ခုမှာဆိုရင် ရင်ထဲ၊အသည်းထဲကနေ လှိုက်ပြီး သည်းသည်းမဲမဲငိုကြွေးခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ ကြည့်ရှုနေသူတွေကို အံ့ဩသွားစေခဲ့ပြီး Xiao Zhan ရဲ့ ပိုမိုကောင်းမွန်လာတဲ့အရည်အချင်းကိုပါ ချီးကျူးခဲ့ကြပါ‌တော့တယ်။ ၂၀၂၁ December 26 တုန်းက စတင်ပြသခဲ့တဲ့ Ace Troops မှာ Johnny Huang Jingyu, Elane Zhong Chuxi နဲ့ Xiao Zhan တို့က အပီပြင်ဆုံးသရုပ်ဆောင်ထားကြပါတယ်။

စစ်ဖက်ဆိုင်ရာဇာတ်လမ်းမျိုးဖြစ်တာကြောင့် ‌ခေတ်ပေါ်အချစ်ကားတွေလို ကြွကြွရွရွမျိုးလေးတွေ မဟုတ်လှပါဘူး။ စစ်ပွဲကာလအတွင်း အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ခဲ့ကြရတဲ့ ပြည်သူပြည်သားများကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့ စစ်အရာရှိများအကြောင်းကို ရိုက်ကူးထားတာဖြစ်လို့ Huang Jingyu နဲ့ Xiao Zhan ဆိုရင် ပေတူးပြီး မောပန်းနေတဲ့ပုံစံမျိုးနေတာများပါတယ်။ စစ်ကားဖြစ်တာကြောင့် Xiao Zhan အတွက် သရုပ်ပီပြင်မှုနဲ့ ဇာတ်ကောင်အံဝင်ဂွင်ကျဖြစ်မှုတွေကိုပါ မျှတမှုရှိအောင် ကြိုးစားခဲ့ရတာကြောင့် စိန်ခေါ်မှုလည်း များခဲ့ပါတယ်။

ပြသခဲ့တဲ့အပိုင်းမှာတော့ မိုင်းတွေထောင်ထားတဲ့ တိုက်ပွဲနေရာကို ဖြတ်သန်းရတဲ့ဇာတ်ဝင်ခန်းပါ, ပါဝင်ပါတယ်။ ပေါက်ကွဲခြင်းတွေကြား သေတော့မလိုဖြစ်သွားတဲ့ Xiao Zhan အား တပ်ဖွဲ့ခေါင်း‌ဆောင်ကနေ သူ့အသက်နဲ့လဲပြီး ကယ်သွားခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Xiao Zhan ဟာ လုံးဝထိန်းချုပ်လို့မရတော့ဘဲ ချုံးပွဲချငိုကြွေးခဲ့တာပါ။

တကယ့်ကို ပူထူနေတဲ့အထိ ငိုကြွေးခဲ့တဲ့ Xiao Zhan ဟာ ပရိသတ်များစွာကို ဇာတ်အိမ်အား ခံစားစေခဲ့ပါတယ်။ အသည်းထဲကလှိုက်ပြီးငိုကြွေးနေတဲ့ Xiao Zhan ကို ကြည့်ရင်း ကြည့်ရှုသူတွေအားလုံးပါ စို့နင့်ခဲ့ကြရပြီး ပိုမိုတိုးတက်ကောင်းမွန်လာတဲ့ သရုပ်‌ဆောင်စွမ်းရည်အား ချီးကျူးခဲ့ကြပါတော့တယ်။ ဒီဇာတ်ဝင်ခန်းက ရိုက်ကူးဖို့ တကယ်ကို ခက်ခဲပါတယ်။

Xiao Zhan အနေနဲ့ အချိန်တိုလေးအတွင်းမှာပဲ ခံစားချက်တွေကို ချက်ချင်းပြောင်းလဲခဲ့ရပြီး ရင်ကွဲမတတ်ငိုကြွေးခဲ့ရတာပါ။ ရိုက်ကွင်းနောက်ကွယ်မှာလည်း ဒီအခန်းကို ရိုက်ကူးဖို့အတွက် Xiao Zhan သာ တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်နေပြီး ဇာတ်ကောင်ထဲမှာ ဈာန်ဝင်သွားအောင် စိတ်သွင်းနေခဲ့ပါ‌တော့တယ်။

Xiao Zhan ငိုတဲ့ဇာတ်ဝင်ခန်းကတော့ အင်တာနက်တခွင် ပလူပျံနေခဲ့ပါတယ်။ လူအများ အရှာဖွေဆုံးခေါင်းစဉ်တစ်ခုတောင်ဖြစ်သွားတဲ့အထိ လုပ်ပြနိုင်ခဲ့ပါတယ်။ ဘယ်‌ဇာတ်လမ်းကိုမဆို Xiao Zhan ဟာ ဇာတ်ကောင်နဲ့တသားတည်းဖြစ်သွားပြီး ခွဲခြားမြင်လို့မရတဲ့အထိ သရုပ်ဆောင်ကောင်းလွန်းသူဖြစ်တာကြောင့်ပဲ ထိပ်တန်းမင်းသားတလက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတော့တယ်။

Source: ONCC
Photos: Studio
Translated by NayChi