မော်ဒယ်/သရုပ်ဆောင် Park Ji Hoon ကွယ်လွန်

Chicago Typewriter ဇာတ်လမ်းတွဲမှာ ဇာတ်ပို့အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေမျက်မှန်းတန်းမိနေတဲ့ မော်ဒယ်သရုပ်ဆောင် Park Ji Hoon ဟာ မေလ ၁၁ ရက်နေ့က ဆေးရုံမှာကွယ်လွန်သွားခဲ့တယ်လို့ သူ့မိသားစုက အတည်ပြုပြောကြားခဲ့ပါတယ်။

သရုပ်ဆောင်အပြင် မော်ဒယ်အနေနဲ့ပါ ရပ်တည်နေတဲ့ Park Ji Hoon ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်သာရှိသေးပြီး အစာအိမ်ကင်ဆာကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူ့မိသားစုဝင်တွေဟာ သူ့ရဲ့သေဆုံးမှုကို ပရိတ်သတ်နဲ့ မိတ်ဆွေတွေ သတင်းအမှားလို့ထင်မှာစိုးတဲ့အတွက်သာ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုတင်လိုက်တာပါ။

သူ့အစ်ကိုဖြစ်သူက “ကျွန်တော့်ညီလေးကို ကောင်းကင်ဘုံကို တကယ်ပို့လိုက်ရပါပြီ။ အားလုံးရဲ့ နှစ်သိမ့်မှုတွေအားပေးစကားတွေကြောင်​့ အင်အားဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့မိသားစုကို နှစ်သိမ့်ပေးခဲ့တာကို တကယ်ကျေးဇူးတင်ပါတယ် ဘယ်တော့မှ မမေ့ပါဘူး အချိန်မရှိလို့လိုက်မပို့နိုင်ခဲ့တဲ့လူတွေကတော့ သူ့ကို Ilsan Blue Soul Memorial Park မှာ မြုပ်နှံခဲ့တာမို့ သွားတွေ့နိုင်ပါတယ်” ဆိုတဲ့ စာေလးကိုတင်ထားခဲ့တာပါ။

Park Ji Hoon ဟာ အစာအိမ်ကင်ဆာဝေဒနာကို အတန်ကြာခံစားခဲ့ရတာဖြစ်ပြီး မိသားစုအနေနဲ့ အစွမ်းကုန်ကုသပေးနေရင်းနဲ့ အခုလိုကွယ်လွန်သွားတာလို့ သိရပါတယ်။ အလွန်ငယ်တဲ့အသက်အရွယ်ဖြစ်လို့ မိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေကလဲ နှမြောတသဖြစ်နေကြပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့အတွက် ဆုတောင်းစကားလေးတွေ ရေးပေးခဲ့ကြပါဦးနော်။

source: koreaboo

Share