ပရိတ်သတ်တွေအတွက် Hyun Bin ရေးတဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စာလေးတစ်စောင်

လူကြီးလူကောင်းဆန်တဲ့အပြောအဆိုနဲ့ ပြုံးလိုက်ရင်ပါးချိုင့်လေးပေါ်လာတဲ့ ချောမောမှုကြောင့် အရွယ်စုံမိန်းကလေးတိုင်း ကြိုက်နှစ်သက်ကြတဲ့ နာမည်ကျော်မင်းသား Hyun Bin ကတော့ သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီဖြစ်တဲ့ Vast Entertainment ရဲ့ အင်စတာဂရမ်ကနေ ဂျွန်လ ၁၆ ရက်နေ့မှာ လက်ရေးစာလေးတစ်စောင်ကို တင်ခဲ့ပါတယ်။

အမြဲတမ်းအပြောအဆိုနူးညံ့ပြီး နွေးထွေးတဲ့ Hyun Bin ဟာ စာထဲမှာလဲ ပရိတ်သတ်အသဲကိုခြွေလိုက်ပြန်ပါပြီ။ “ချစ်ရတဲ့ပရိတ်သတ်များ မင်္ဂလာပါ။ ကျွန်တော် Hyun Bin ပါ။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေရဲ့လားလို့ မေးရမယ့်အချိန်ရောက်လာပါပြီ။ အားလုံးကောင်းကောင်းမွန်မွန် ရှိကြပါရဲ့လား။

ကျွန်တော်ကတော့ အနုပညာလှုပ်ရှားမှုအသစ်အတွက် အလုပ်တွေလုပ်နေပါတယ်။ ကျွန်တော့်ရဲ့ရုပ်ရှင်ရိုက်ကွင်းကို ချစ်မေတ္တာအပြည့်နဲ့ ပံ့ပိုးအားပေးခဲ့ကြနဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူး။

အဲ့ဒါကြောင့်​ ဒီလိုပဲဘောပင်ကိုကိုင်လိုက်ဖို့ (စာရေးလိုက်ဖို့) ဆုံးဖြတ်လိုက်ပါတယ်။ အားလုံးရဲ့ အချစ်တွေ အားပေးမှုတွေကြောင့် ကျွန်တော်ရော ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးရော အားအင်အသစ်တွေနဲ့ အလုပ်လုပ်နိုင်ခဲ့ပါတယ်။

အားလုံးကို စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့စိတ်ရင်းစေတနာကို မမေ့ပဲ အလုပ်ကိုကြိုးစားပြီး ကောင်းမွန်တဲ့ရလဒ်နဲ့ ပြန်ပေးဆပ်ပါမယ်။ တစ်ယောက်နဲ့တစ်ယောက်လူချင်းတွေ့ပြီး နေကောင်းလားလို့ မေးနိုင်တဲ့နေ့အထိ ကျန်းမာအောင်နေကြပါ” လို့ ပရိတ်သတ်တွေကို အရည်ပျော်အောင် လက်ရေးစာလေးနဲ့ ဆက်သွယ်ခဲ့တာပါ။

မင်းသား Hyun Bin ဟာ လက်ရှိမှာ Bargaining ဆိုတဲ့ အက်ရှင်ရုပ်ရှင်ကားကို ရိုက်ကူးလျက်ရှိပြီး နိုင်ငံရပ်ခြားက ဇာတ်ဝင်ခန်းတွေကို ခရီးသွားတင်းကြပ်မှုတွေ ဖြေလျော့သွားတဲ့အခါမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။ ရုပ်ရှင်အသစ်နဲ့ ပြန်လာတဲ့အခါမှာလဲ အရင်လိုပဲ တစ်ခဲနက်အားပေးကြဖို့ အဆင်သင့်ပဲလား?

source : vast entertainment
written by Dar Dar

Share