Categories: Celebrity News

Lee Hyori ရဲ့ စိတ်ကူးထဲက girl group လေး အကောင်အထည်ပေါ်တော့မယ့် လမ်းစ

Yoo Jae Suk တို့ Rain တို့နဲ့အတူ SSAK3 အဖြစ် ပွဲဦးမထွက်စဉ်က ‘How Do You Play’ အစီအစဉ်မှာ Lee Hyori ဟာ သူ့ရဲ့စိတ်ကူးထဲက girl group လေးအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။

သူ့စိတ်ထဲမှာ အရည်အချင်းအပြည့်ဝဆုံးလို့ ထင်တဲ့ idol တွေနဲ့သာ သူစိတ်တိုင်းကျဖွဲ့စည်းထားတာမို့ ပရိတ်သတ်တွေက ဒီအဖွဲ့သာတကယ်ဖြစ်လာရင်လို့ စိတ်ကူးယဉ်ခဲ့ကြပေမယ့် အကုန်လုံးကထိပ်တန်းတွေချည်းဖြစ်တာကြောင့် အားလုံးပေါင်းစည်းဖို့ကိုတော့ မမျှော်လင့်ရဲ့ကြပါဘူး။

အခုတော့ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ရော Lee Hyori ရဲ့ စိတ်ကူးရော အကောင်အထည်ပေါ်နိုင်မယ့် လမ်းစပေါ်လာပါပြီ။ ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ How Do You Play အစီအစဉ်ရဲ့ တာဝန်ရှိသူတစ်ဦးက Lee Hyori အပါအဝင် Jessi, Mamamoo’s Hwasa နဲ့ Uhm Jung Hwa တို့အားလုံး စတင်တွေ့ဆုံဆွေးနွေးတော့မယ်လို့ဆိုပါတယ်။

“ဇူလိုင်လ ၃၁ ရက်နေ့မှာ သူတို့အားလုံး ပထမဆုံးအကြိမ်တွေ့ဆုံကြမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီ show မှာ အားလုံးပါဝင်ကြမလားဆိုတာတော့ မသေချာသေးပါဘူး။ သူတို့ရဲ့ meeting မှာ ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးဆုံးဖြတ်ကြမယ်ထင်ပါတယ်” လို့ ပြောကြားခဲ့တာကြောင့် အခြေအနေကတော့ အကောင်းဘက်ကို ဦးတည်နေပုံပါပဲ။

Kpop ရဲ့ ဘုရင်မတစ်ဆူဖြစ်တဲ့ Lee Hyori, တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့ နတ်သမီး Uhm Jung Hwa, Hip Hop လောကမှာ ထိပ်တန်းဖြစ်တဲ့ Jessi နဲ့ စင်မြင့်ပေါ်မှာ အင်အားပြင်းတဲ့ Hwasa တို့ရဲ့ ပေါင်းစပ်မှုကတော့ တွေးကြည့်တာနဲ့တင် ကြက်သီးဖြန်းဖြန်းထရပါတယ်။

Source : Soompi
Written : Dar Dar

Share