Categories: Celebrity News

Oh Jung Se နဲ့ Sung Dong Il တို့ပါ ပါဝင်လာမယ့် Jun Jihyun နဲ့ Joo Ji Hoon တို့ရဲ့ ဇာတ်လမ်းတွဲသစ်

နောက်ထပ်ထွက်ရှိမယ့် ဇာတ်လမ်းတွဲတွေထဲမှာမှ ပရိတ်သတ်စိတ်ဝင်စားမှု အမြင့်တက်ဆုံးဖြစ်နေတဲ့ Mount Jiri ဇာတ်လမ်းတွဲမှာတော့ လက်ရှိအတည်ပြုထားတဲ့ စူပါမင်းသားမင်းသမီးတွေဖြစ်တဲ့ Jun Jihyun နဲ့ Joo Ji Hoon အပြင် ဒိတ်ဒိတ်ကြဲဇာတ်ပို့တွေဖြစ်တဲ့ Oh Jung Se နဲ့ Sung Dong Il တို့ပါ ပါဝင်လာမယ်လို့ soompi သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Mount Jiri ဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်တစ်တောင်ဖြစ်တဲ့ Jiri တောင်ကို အခြေတည်ရိုက်ကူးမယ့် လျို့ဝှက်သည်းဖို ဇာတ်လမ်းတွဲဖြစ်ပြီး မင်းသမီး Jun Ji Hyun ကတော့ Mount Jiri National Park ရဲ့ထိပ်တန်းအစောင့်တပ်သား Seo Yi Kang အဖြစ်ပါဝင်မှာဖြစ်သလို မင်းသား Joo Ji Hoon ကလဲ နားလည်ရခက်တဲ့ လျို့ဝှက်ချက်များစွာနဲ့ အစောင့်တပ်သား Kang Hyun Jo အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ဒီဇာတ်လမ်းတွဲမှာ တောင်ကိုရီးယားရဲ့ ထိပ်တန်းဇာတ်ပို့တွေဖြစ်တဲ့ Sung Dong Il နဲ့ Oh Jung Se ပါပါဝင်လာမယ်လို့ အတည်ပြုလိုက်ပါပြီ။ Sung Dong Il ကလဲ Reply 1988 လို ဇာတ်လမ်းတွဲတွေမှာ အစွမ်းကုန်ပညာပြခဲ့သူဖြစ်ပြီး Oh Jung Se ကလဲ မကြာသေးမီကမှ It’s Okay To Not Be Okay က ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ချီးကျူးမှုခံနေရသူပါ။

Oh Jung Se ကတော့ ‘အများကိုကယ်တင်ဖို့ ကိုယ့်ကိုကိုယ်အရင်ကယ်တင်ရမယ်’ ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ်ကိုအချိန်မှန်ဆင်း၊ အပန်းဖြေခရီးတွေလဲ သွားလေ့ရှိတဲ့ လက်တွေ့ကျတဲ့ ဝန်ထမ်း Jung Goo Young အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Sung Dong Il ကတော့ ဘဝတစ်လျှောက်လုံး သူ့ရဲ့အလုပ်မှာပဲမြုပ်နှံထားလို့ Mount Jiri Man လို့တောင်ခေါ်တွင်ရတဲ့ Jo Dae Jin အဖြစ် သရုပ်ဆောင်မှာပါ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဇာတ်လမ်းတွဲရဲ့တာဝန်ရှိသူတစ်ဦးကလဲ “ထွေထွေထူးထူး ရှင်းပြစရာတော့မရှိပါဘူး။ Sung Dong Il နဲ့ Oh Jung Se ဆိုတာကလဲ နာမည်ကြားတာနဲ့ သူတို့ရဲ့အစွမ်းအစကို ယုံကြည်ရတဲ့ သရုပ်ဆောင်တွေပါ။ ကြည့်ရှုသူတွေအတွက် ဒီဇာတ်လမ်းတွဲကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထုတ်လွှင့်ပါ့မယ်” လို့ ဆိုပါတယ်။

Source : Koreaboo
Written : Dar Dar

Share