တစ်ယောက်တည်းနေရတာဟာ သူထင်ထားတာနဲ့ မတူကြောင်း ပြောပြလာတဲ့ EXO Kai

မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ‘I Live Alone’ အပိုင်းမှာ Kai က သူ့ရဲ့ နေ့စဉ်ဘဝကို လူသိရှင်ကြား ဖော်ပြခဲ့ပါတယ်။ Kai ဟာ တစ်ယောက်တည်းနေရတာနဲ့ ပတ်သက်ပြီး သူထင်ထားခဲ့တာနဲ့ အလွန်ကွာခြားကြောင်း ပြောပြခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ တစ်ယောက်တည်း အိမ်ခွဲနေခဲ့ပြီး အိမ်ကို ပြန်လည်မွမ်းမံပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။

သို့သော်လည်း အင်တာဗျူးမှာ Kai ဟာ သူအိပ်မက်မက်လာခဲ့တဲ့ တစ်ကိုယ်တော်ဘဝဟာ ‘နွေလယ်ညရဲ့ ဆန်းကြယ်မှု’ ထက် မပိုကြောင်း ပြောကြားခဲ့ပါတယ်။ Kai ဟာ တစ်ကိုယ်တော်ဘဝကို ‘ဖြစ်မလာနိုင်တဲ့ အိပ်မက်’ နဲ့ ‘ခရစ်စမတ် လက်ဆောင်’ လို့လည်း ခေါ်ဆိုပါတယ်။

ဘာကြောင့် အဲ့လို ခေါ်ဆိုသလဲဆိုတော့ သူဟာ တစ်ယောက်တည်း အိမ်ခွဲနေနေပေမဲ့ သူ့ရဲ့ အိမ်ဟာ သူ့မိဘတွေရယ် သူ့အမရဲ့ အိမ်တွေနဲ့ နီးတာကြောင့် သူ့မိဘတွေနဲ့ အမဟာ Kai ရဲ့ အိမ်ကို အမြဲ ဝင်ထွက်သွားလာနေလို့ပဲ ဖြစ်ပါတယ်။

ယခင်က သူစဉ်းစားထားခဲ့တဲ့ တစ်ကိုယ်တော်ဘဝဟာ လုံးဝ တစ်ယောက်တည်း သီးသန့်ဖြစ်ပြီး ဇိမ်ရှိရှိနဲ့ ဓာတ်ပြားတချို့ကို ဖွင့်နားထောင်ပြီး နေတာမျိုး ဖြစ်ပါတယ်။ Kai ဟာ သူရဲ့ အိမ်အသစ်အတွက် ဓာတ်ပြားဖွင့်စက်နဲ့ ဓာတ်ပြားအချို့ကိုတောင် ဝယ်ထားပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ မိသားစုဝင်တွေက မကြာခဏ လာရောက်လည်ပတ်ကြတာကြောင့် သူ့ရဲ့ အစီအစဉ်တွေဟာ ကျရှုံးခဲ့ရပါတယ်။ သူတို့တွေဟာ Kai ကို ဂရုစိုက်သလို သူတို့ရဲ့ မိသားစုဝင်ဖြစ်တဲ့ အချစ်တော်ခွေးလေး Monggu ကိုလည်း ဂရုစိုက်ကြပါတယ်။

Monggu ဟာ Kai ပွဲဦးထွက်ခါနီး အချိန်တည်းက မွေးထားတာဖြစ်ပြီး Kai ရဲ့ ပရိသတ်တွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်ပါတယ်။ Kai ဟာ သူ့ရဲ့ တစ်ကိုယ်တော်ဘဝကို အပြည့်အဝ မခံစားရပေမဲ့ ခုလိုမျိုး မိသားစုရဲ့ နွေးထွေးကြင်နာမှုကို ရရှိနေတာဟာ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Source : Koreaboo
Written : ZL

Share