နာမည်ကြီးလာမှုရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို ပြောပြခဲ့ဖူးတဲ့ Wang Yibo

Wang Yibo ရဲ့အောင်မြင်ကျော်ကြားမှုကတော့ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်နဲ့ကို တိုးမြင့်လာတာပါ။ Yibo ကိုယ်တိုင်ကလည်း အောင်မြင်မှုနဲ့ထိုက်တန်တဲ့ လုံ့လဝီရိယ၊ အားစိုက်ထုတ်မှုတွေကြောင့် အနုပညာလောကထဲမှာ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်လာပြီး ကမ္ဘာအနှံ့မှာလည်း အမာခံပရိသတ်တွေကလည်း တဆထက်တဆ တိုးပွားလာနေပါတယ်။

အောင်မြင်မှုအသီးအပွင့်ကို ခံစားနေတဲ့ Yibo ကတော့ နာမည်ကြီးလာခြင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို “Day Day Up” ပြောပြခဲ့ဖူးပါတယ်။ DDU က အစ်ကိုနဲ့ Yibo ဟာ တကယ့်ညီအစ်ကိုအရင်းတွေလိုမျိုး ရင်းနှီးကြတာကို ပရိသတ်ကြီးတို့သိကြမှာပါ။

အစ်ကိုတွေကလည်း Yibo ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တာကြောင့်ပဲ Yibo ရဲ့ အောင်မြင်ကျော်ကြားလာမှုနဲ့ပတ်သက်ပြီး ဂရုတစိုက်မေးမြန်းခဲ့ကြပါတယ်။ Yibo ဟာ “ကျွန်တော်ကတော့ ကျွန်တော်ကြိုက်ရတာလုပ်ရရင် သဘောတွေ့နေတတ်တာမို့လို့ ကျွန်တော်ကဘယ်လိုလူစားမျိုးလဲဆိုတာကို မတွေးမိဖူးပါဘူး။

နာမည်ကြီးလာတာနဲ့ပတ်သက်ရင်တော့ ကောင်းကျိုးရော ဆိုးကျိုးရောရှိတာပေါ့။ လူသိများလာပြီး လူအများနဲ့ပတ်သက်နေရပေမဲ့လည်း ကျွန်တော်က ကျွန်တော့်ပုံစံအတိုင်း ရှေ့ဆက်လို့ရနေပါသေးတယ်။ တစ်ဖက်မှာလည်း အရင်ကထက်ပိုပြီး အနှောင့်အယှက်တွေများလာတယ်။ အပြင်ထွက်ပြီး လျှောက်သွားလို့မရတော့ဘူး” ဆိုပြီး ပြောပြခဲ့ပါတော့တယ်။

Oscar Qian ကတော့ “Yibo ဟာ တခြားသူတွေကို အလုပ်မရှုပ်စေတဲ့လူမျိုးပါ။ သူ့အတွက်ခက်ခဲနေသည်ဖြစ်စေ၊ ခက်ခဲနေတာတွေဖြစ်စေ..သူ့ဘာသာပဲ ခံစားနေတတ်ပြီး.တခြားသူကိုလည်း ဖွင့်မပြောသလို ခံစားချက်တွေကိုလည်း ထုတ်ပြလေ့မရှိပါဘူး” လို့ ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

Yibo ပြောခဲ့တဲ့အတိုင်း အနုပညာရှင်တစ်ယောက်ဟာ အောင်မြင်မှုနဲ့အတူ တစ်ဖက်မှာလည်း လူမသိတဲ့ စွန့်လွှတ်လိုက်ရတဲ့အရာပေါင်းများစွာလည်းရှိနေမှာပါ။ အရာရာကိုမျိုသိပ်ပြီး ခံစားချက်တွေကိုမဖော်ပြတတ်တဲ့ Yibo မှာလည်း တစ်ယောက်တည်းခက်ခဲခဲ့ရတဲ့အချိန်တွေ ရှိခဲ့ဖူးမှာပါ။ အရာရာကို အကောင်းဆုံးကြိုးစားတတ်တဲ့ Yibo အတွက်ကတော့ သူ့ရဲ့ဇွဲ၊ စွန့်လွှတ်မှုတွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေဟာ အနာဂတ်မှာ အဆင်သင့်စောင့်ကြိုနေမှာပဲဖြစ်ပါတယ်။

Source: 38jiejie
Photos: Weibo
Written: Nay Chi

Share