ဖျော်ဖြေရေးလောကရဲ့ နိမ့်ကျလာမှုတွေကို ဝေဖန်ထောက်ပြလိုက်တဲ့ Huang Zitao

Huang Zitao ကတော့ Trend များစွာရဲ့ပိုင်ရှင်လို့တောင်ပြောလို့ရလောက်တဲ့အထိ သူပြောတဲ့စကားတွေကြောင့် Weibo ရဲ့ Trend နေရာကိုမကြာခဏဆိုသလိုသိမ်းပိုက်လေ့ရှိသူပဲဖြစ်ပါတယ်။ အရှိကိုအရှိတိုင်း အမှန်တိုင်းအမှန်တိုင်းပြောလေ့ရှိတဲ့သူတစ်ယောက်လို့တောင်ပြောလို့ရသလို သူပြောလိုက်တိုင်းလည်း လူအများရဲ့အာရုံစိုက်မှုကိုရရှိတတ်ပါတယ်။

ဇန်နဝါရီလ (၂၇)ရက်နေ့မှာ ဖျော်ဖြေရေးလောကနဲ့ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေတဖြည်းဖြည်းနိမ့်ကျလာနေတဲ့အကြောင်းကို Huang Zitao က သူ့ရဲ့ Weibo မှာ ရုတ်တရက် Postတစ်ခုတင်လိုက်ပါတယ်။ ​တစ်ခဏအတွင်းမှာပဲ အင်တာနက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့သွားပြီး အနည်းငယ်လှုပ်ခတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ထုံးစံအတိုင်းပဲ Weibo ရဲ့ Trend – 1 ကိုရောက်ရှိသွားခဲ့ပါတယ်။

” ဖျော်ဖြေရေးလောကထဲကိုဝင်လို့ကောင်းနေကြတုန်းပဲနော်၊ စံသတ်မှတ်ချက်တွေကလည်း နိမ့်ပြီးရင်းနိမ့်လာနေလိုက်တာ အနိမ့်ဆုံးသတ်မှတ်ချက်ဆိုတာတောင်မရှိတော့ဘူးပဲ၊ အရင်တုန်းကဆို အားသွန်ခွန်စိုက်ကြိုးစားပြီး အိပ်မက်ကိုပြင်းပြင်းထန်ထန်ပိုင်ဆိုင်ချင်ကြတယ်။

ဒါပေမယ့် အခုတော့ အိပ်မက်ဆိုတဲ့စကားလုံးဟာ အရမ်းကိုအပေါစားဆန်ပြီး အဓိပ္ပာယ်လည်းမရှိတော့သလို ရယ်စရာတောင်ကောင်းနေပြီ၊ ဘယ်လိုကိစ္စတွေကိုကြုံတွေ့နေရတာလဲကွာ ” ဆိုပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။ မကြာသေးမီကလည်း အနုပညာလောကရဲ့ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်က ထိုကဲ့သို့ဝေဖန်ခဲ့ဖူးပါသေးတယ်။ မကြာခဏပြောနေကြတဲ့ဒီကိစ္စကို အင်တာနက်သုံးစွဲသူတွေကြားမှာလည်း ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့ကြပါတယ်။

Huang Zitao ကတော့ Entertainment Company တစ်ခုကိုတည်ထောင်ထားပြီး အရည်အချင်းရှိတဲ့အနုပညာရှင်အသစ်တွေကို အစဉ်အမြဲချပြလေ့ရှိပါတယ်။ ထို့အပြင် သူကိုယ်တိုင်လည်း တစ်ချိန်တစ်ခါက SM Entertainment မှာ Training များစွာကို ပြင်းပြင်းထန်ထန်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးမှ EXO အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပွဲဦးထွက်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ခက်ခဲတဲ့အချိန်တွေကိုကျော်ဖြတ်လာခဲ့ပြီးမှ အိပ်မက်ဆိုတဲ့အရာကိုဖမ်းဆုတ်ခွင့်ရခဲ့တဲ​့ အနုပညာရှင်တစ်ယောက်အနေနဲ့ အခုနောက်ပိုင်းမှာ လွယ်လွယ်ကူကူအောင်မြင်ချင်နေကြတဲ့သူတွေ၊ မြန်မြန်ဆန်ဆန်နာမည်ကြီးချင်နေကြတဲ့သူတွေကို ပညာသားပါပါလေးသတိပေးလိုက်တယ်လို့သတ်မှတ်လို့ရပါတယ်။ အလုပ်လည်းကြိုးစားသလို အပြောလည်းကြွယ်တဲ့အနုပညာရှင်တစ်ယောက်ရဲ့ဝိသေသလက္ခဏာတွေနဲ့ပြည့်စုံတဲ့လူသားတစ်ယောက်အဖြစ် သူ့ရဲ့လုပ်ရပ်တွေကနေ အသိအမှတ်ပြုလို့ရနိုင်ပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share