Jackson ကိုယ်တိုင်ပြောပြခဲ့တဲ့ သရုပ်ဆောင်ဖို့မဖြစ်နိုင်သေးတဲ့အကြောင်းအရင်းလေးကတော့…

၂၀၁၄ ခုနှစ်ကတည်းက GOT7 အဖွဲ့နဲ့အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ Jackson Wang ဟာ ဂီတ၊ ဖက်ရှင်နဲ့ ဖျော်ဖြေရေးလောကမှာ လွန်စွာနာမည်ရနေတဲ့ ဟောင်ကောင်းသားတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့လည်း Jackson ဟာ သရုပ်ဆောင်ဖို့အတွက်တော့ အစပြုခြင်းမရှိသေးတာကြောင့် ပရိသတ်တွေက​ အကြောင်းအရင်းကို သိချင်နေကြတာပါ။

Jackson ကိုယ်တိုင်ကလည်း အကြောင်းအရင်းကို Street Dance of China 3 ရဲ့ ၅ပိုင်းမြောက်မှာ ပြောပြခဲ့ဖူးပါတယ်။ Street Dance of China 3 မှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၄ယောက်အနက် Jackson ကလွဲပြီး ကျန်တဲ့၃ယောက်ဖြစ်တဲ့ Wallace Chung, Lay Zhang နဲ့ Wang Yibo တို့ဟာ သရုပ်ဆောင်ပိုင်းနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။

သရုပ်ဆောင်တဲ့အခါ စာသားတွေကိုမှတ်တဲ့နည်းလမ်းတွေ ဝေမျှတဲ့အခါမှာတော့ Jackson က “ဇာတ်လမ်းတွေရိုက်ရတာက တကယ်ကိုမလွယ်ဘူးပဲ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ထိုအခါ အစီအစဥ်မှာပါဝင်ခဲ့တဲ့သူတွေက “ဝမ်ကျားအော်..မင်းကော.ဇာတ်လမ်းတွေရိုက်ကူးဖို့ အစီအစဥ်မရှိဘူးလား?” ဆိုပြီးမေးခဲ့ကြပါတော့တယ်။

Jackson က ချက်ချင်းပဲ “ဘယ်လိုလုပ်ဇာတ်လမ်းရိုက်ရမလဲ? တွေးကြည့်ကြပေါ့..ကျွန်တော့်ရဲ့စကားပြောပုံဆိုပုံက မကျွမ်းကျင်သေးဘူးလေ.ကြည့်ပါ့လား” ဆိုပြီး သိပ်မကျွမ်းကျင်သေးတဲ့ Mandarin စကားသံလေယူလေသိမ်းနဲ့ ပြန်ပြောခဲ့ပါတော့တယ်။

ဒါကိုနားထောင်နေတဲ့ Wang Yibo ကတော့ ရှေးဟောင်းဇာတ်လမ်းတွေ ရိုက်ကူးလို့ရကြောင်း နှစ်သိမ့်ပါသေးတယ်။ ဘယ်လိုမှပြောမရခဲ့တဲ့ Jackson က “ရှေးခေတ်လူတွေက ငါ့လိုစကားပြောကြလို့လား?” ဆိုပြီး မဝင့်မရဲဖြစ်နေခဲ့ပါတော့တယ်။

Wang Yibo နဲ့ ရိုက်ကူးသူတွေက အသံဖျောက်ပြီး ဇာတ်ကောင်နဲ့လိုက်ဖက်တဲ့အသံထည့်လို့ရကြောင်း၊ ခုခေတ်ဇာတ်လမ်းတော်တော်များများဟာ ဒီလိုပဲအသံပြောင်းကြကြောင်း ဘယ်လောက်ပဲနားချပါစေ Jackson ကတော့ “အဲ့လိုမျိုးအစီအစဥ်တွေတော့မရှိသေးပါဘူး။ ငါ့ကိုယ်ငါလည်း အဲ့လိုကြီးမလုပ်ချင်ပါဘူး” ဆိုပြီး ပြန်ပြောခဲ့ပါတော့တယ်။

Jackson ဟာ အဆိုပိုင်း၊ အကပိုင်းမှာ လွန်စွာကျွမ်းကျင်နေသူဖြစ်ပေမဲ့ သူ့ရဲ့လည်လည်ဝယ်ဝယ် ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ခြင်းမရှိသေးတာကြောင့် ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ မဝင့်မရဲဖြစ်နေပုံပါပဲ။ စကားတတ်လွန်းလို့အချစ်တွေပိုနေရတဲ့ Jackson ကတော့ ဘယ်အချိန်မှ သရုပ်ဆောင်လောကထဲကိုဝင်လာဦးမယ် မသိဘူးနော်။ ဇာတ်လမ်းတွေရိုက်ကူးရင်လည်း အားလုံးက ထပ်တိုးလို့ချစ်နေဦးတော့မှာပါ။

Source: 38jiejie
Photos: Twitter
Written: Nay Chi