ကမ္ဘာကျော် အဆိုတော်များဖြစ်ကြတဲ့ Lauv, Halsey နဲ့ MAX တို့ဟာ ဂျာမန် ရေဒီယိုအစီအစဉ်တင်ဆက်သူ Matthias Matuschik ရဲ့ BTS ကို မကောင်းပြောမှုနဲ့ ပတ်သက်ပြီး BTS ဘက်က ရပ်တည်ကြောင်း ပြသပေးခဲ့ကြပါတယ်။
ထိုရေဒီယိုအစီအစဉ်တင်ဆက်သူဟာ Big Hit Entertainment ရဲ့ ယောကျ်ားလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS က Coldplay ရဲ့”Fix You” ကို ပြန်လည်သီဆိုတာနဲ့ ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်ပြုခဲ့ကာ BTS ကို “ကုသရန်ဆေး ပေါ်ပေါက်လာဖို့ မျှော်လင့်ရတဲ့ ဗိုင်းရပ်စ်ပိုး” ဆိုပြီး ဗိုင်းရပ်စ်ရောဂါပိုးနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။
ထို့ကြောင့် သူဟာ ကမ္ဘာတစ်ဝန်းက ARMY တွေရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ပြင်းထန်စွာ ခံခဲ့ရပါတယ်။ သူ့ရဲ့ Instagram မှာလည်း ARMY တွေရဲ့ ဝေဖန်ပြစ်တင်တဲ့ မှတ်ချက်တွေ ပြည့်လျှံနေခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူ့ရဲ့စကားအတွက် ပြန်တောင်းပန်ခဲ့ရပါတယ်။
ကမ္ဘာကျော်အနုပညာရှင်တွေ ဖြစ်ကြသလို BTS နဲ့ ယခင်က collaboration တွေ ပြုလုပ်ခဲ့ဖူးတဲ့ Lauv, Halsey နဲ့ MAX ကတော့ BTS က ရပ်တည်ပြီး ပြောဆိုခဲ့ကြပါတယ်။ ဦးစွာ MAX က သူ့ရဲ့ Twitter အကောင့်မှာ “BTS က ဒီအနုပညာလောကမှာ အလုပ်အကြိုးစားဆုံးနဲ့ အနှိမ့်ချတတ်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။
သူတို့ရရှိနေတဲ့ အောင်မြင်မှုတွေနဲ့လည်း ထိုက်တန်တယ်။ Bayern 3 က တင်ဆက်သူပြောသွားတဲ့ မကောင်းစကားတွေဟာ ကျွန်တော့်ကို နာကျင်စေတယ်။ သူတို့ရယ် အာရှအသိုင်းအဝိုင်း တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အမုန်းတရားဟာ လက်ခံနိုင်ဖွယ်မရှိပါဘူး” လို့ ရေးသားခဲ့ပါတယ်။
ထို့နောက် Lauv ကလည်း Bayern 3 ကနေ ကြားသိရတဲ့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေကြောင့် ထိခိုက်ခဲ့ရတဲ့ BTS ညီအကိုတွေနဲ့ တခြားသူ အားလုံးဘက်က ရပ်တည်ကြောင်း၊ ဒီလိုလုပ်ရပ်ကို သည်းခံနေစရာမလိုပဲ အတူတကွ ရပ်တည်ပြီး ရပ်တန့်အောင် လုပ်ရမှာဖြစ်ကြောင်း သူ့ရဲ့ Twitter မှာ တင်ခဲ့ပါတယ်။
Halsey ကတော့ သူမရဲ့ Instagram story မှာ “Matthias Matuschik ရဲ့ မှတ်ချက်တွေကို ဖတ်ဖို့တောင် ကျွန်မကြောက်ရွံ့မိပါတယ်။ လူမျိုးရေးခွဲခြားတာနဲ့ xenophobia (ကိုယ်နဲ့ မတူကွဲပြားတဲ့သူကို ကြောက်ရွံ့သောရောဂါ) ဟာ ဟာသတစ်ခုအနေနဲ့ လေထဲမှာ ပျောက်သွားရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။
အာရှလူ့အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ အမုန်းစကားတွေ အကြမ်းဖက်တာတွေဟာ အချိန်တစ်ခုအတွင်းမှာ အမြင့်ဆုံးကို ရောက်နေပါပြီ။ ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး။ BTS နဲ့ ကမ္ဘာတစ်ဝန်းက အာရှလူ့အသိုင်းအဝိုင်းကို ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းနဲ့ တောင်းပန်ဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ အလားတူစွာပဲ BeckyG နဲ့ Steve Aoki တို့က ကမ္ဘာကျော်တောင်ကိုရီးယားအဆိုတော်အဖွဲ့ BTS ဖက်မှာ ရပ်တည်ပေးခဲ့ပါတယ်။
Source : Allkpop
Photo : Twitter
Written : ZL