သူရဲ့ဘဝဖြစ်စဥ်ဟာ ဇာတ်ကောင် Tang San ရဲ့ဘဝနဲ့ လွန်စွာမှဆင်တူနေတယ်လို့ဆိုတဲ့ Xiao Zhan

၂၀၂၁ ကိုတော့ Xiao Zhan ဟာ အားအင်အသစ်နဲ့လျှောက်လှမ်းနေပါပြီ။ အချိန်တော်ကြာစောင့်စားခဲ့ရတဲ့၊ Xiao Zhan အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “Douluo Continent” ကတော့ February လ ၅ရက်နေ့မှာ စတင်ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေကိုအံ့သြသွားစေခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး ပြသနေတုန်းကော၊ ပြသပြီးစီးချိန်အထိပါ Rating ကောင်းတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျခဲ့ရတာပါ။ ဇာတ်ကောင် Tang San နဲ့ပတ်သက်ပြီး Xiao Zhan ရဲ့ ရင်တွင်းစကားသံဟာ ကြည့်ရှုသူတွေကို ရင်ထဲထိသွားစေပါတော့တယ်။

“Douluo Continent” ဇာတ်လမ်းထဲက ဇာတ်ကောင် Tang San ဟာ သူချစ်ခင်မြတ်နိုးတန်ဖိုးထားရသူတွေကို ကာကွယ်ဖို့၊ သူ့ရဲ့ဂိုဏ်းကိုဂုဏ်နာမည်သတင်းထိန်းသိမ်း​ရင်းအောင်မြင်ကျော်ကြားလာဖို့အတွက် အခက်အခဲတွေကျော်ဖြတ်ခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံကိုကာကွယ်စောင့်ရှောက်ရင်း အင်အားအကြီးဆုံး၊အရဲရင့်ဆုံးဆရာတစ်ဆူ ဖြစ်လာပါတော့တယ်။ ဒီလိုမျိုးဇာတ်ကောင်စရိုက်ကိုပေါ်လွင်အောင်ဖန်တီးရိုက်ကူးနိုင်ခဲ့တဲ့ Xiao Zhan က “ဇာတ်ကောင် Tang San ဟာ ကျွန်တော့်ရဲ့ဘဝနဲ့အလွန်ကို ဆင်တူနေလွန်းပါတယ်။

ကျွန်တော့်ဘဝကလည်း အံ့သြစရာကောင်းအောင်အပြောင်းအလဲမြန်ခဲ့တယ်။ ဒါကြောင့် ဒီဇာတ်ကောင်ရဲ့ကံကြမ္မာဟာ ကျွန်တော်နဲ့ ဆင်လွန်းနေတာပါ။ Tang San ကလည်း မွေးကတည်းက ဇာတ်လမ်းထဲကလူတစ်ယောက်လိုဖြစ်လာရမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးမဟုတ်ဘူးလေ။

ကံကြမ္မာရဲ့ဦးဆောင်ရာလမ်းအတိုင်း ရှေ့ဆက်လျှောက်လှမ်းခဲ့ရတယ်။ ကျွန်တော့်ဘဝကလည်း အဲ့လိုပါပဲ။ နဂိုလျှောက်လမ်းနေတဲ့လမ်းကနေ လမ်းကြောင်းပြောင်းသွားခဲ့ရပါတယ်။ ဘယ်နေရာကိုရောက်နေနေ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေမှာပါ” ဆိုပြီ သူ့ဘဝနဲ့နှိုင်းယှဥ်က ပြောပြလာခဲ့ပါတယ်။

Xiao Zhan ဟာ အနုပညာလောကထဲကို ဝင်ရောက်မလာစဥ်က သူ့ရဲ့မွေးရပ်မြေမှာပဲ graphic designer အလုပ်ကို လုပ်ကိုင်နေခဲ့တာပါ။ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ မရည်ရွယ်ထားခဲ့သူ Xiao Zhan ကတော့ ၂၀၁၆ ခုနှစ်မှာပဲ X-NINE အဖွဲ့နဲ့ အနုပညာလောကထဲကိုရောက်ရှိလာပါတော့တယ်။

အခက်အခဲမြောက်မြားစွာနဲ့ရင်ဆိုင်ခဲ့ရပြီး အောင်မြင်ကျော်ကြားလာတဲ့အခါမှာလည်း မလိုသူတွေရဲ့တိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရရှာပါတယ်။ ဒါပေမဲ့ ဘဝကိုအကောင်းဆုံးဖြတ်သန်းနေတဲ့ Xiao Zhan ကတော့ မြင့်မြတ်တဲ့စိတ်ထား၊ ကြံ့ခိုင်သန်မာတဲ့ခံယူချက်တွေကြောင့်ပဲ ယခုအချိန်မှာတော့ အလင်းလက်အတောက်ပဆုံး ကြယ်ပွင့်တစ်ယောက်အဖြစ် အနုပညာခရီးလမ်းကို ဝင့်ကြွားစွာလျှောက်လှမ်းနေနိုင်နေပြီဖြစ်ပါတယ်။

Source: 38jiejie
Photos: Weibo
Written: Nay Chi

Share