“Master In The House” အစီအစဉ်မှာ မြန်မာ့အ​ရေးနဲ့ပတ်သက်ပြီး ဘယ်သူ​တွေက ဘာတွေကို ဆွေး​နွေးခဲ့ကြသလဲ

တော်​တော်များများသိပြီးကြတဲ့အတိုင်း ဆရာမ ချမ်းမြမြ​သော် (ခ) ချမ်းချမ်းဟာ SBS ရုပ်သံလိုင်းရဲ့ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်တဲ့ “Master In The House” မှာ ပါဝင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်​နေတာ​တွေနဲ့ ပတ်သက်လို့ ​​ပြောပြခွင့်ရခဲ့ပါတယ်။

အစီအစဉ်ကို ​မေလ ၁၇ ရက်​နေ့မှာ ရိုက်ကူးပြီးစီးခဲ့ပြီး မေလ ၁၈ ရက်​နေ့မှာ​တော့ ထိုအစီအစဉ်နဲ့ ပတ်သက်တဲ့ အ​သေးစိတ်အ​ကြောင်းအရာ​တွေကို ဆရာမ ချမ်းမြမြ​သော်က သူ့ရဲ့ Social Acc မှာ post တင်ပြီး ​​ဝေမျှ​ပေးခဲ့ပါတယ်။

အစီအစဉ်မှာ အမြဲတမ်း MC ​တွေဖြစ်ကြတဲ့ Lee Seung Gi, Cha Eun Woo, Yang Sae Hyung နဲ့ Kim Dong Hyun တို့အပြင် ကိုရီးယား နိုင်ငံမှာ နာမည်ကျော် အနုပညာသည်အနေနဲ့ ရပ်တည်နေကြတဲ့ အမေရိကန်လူမျိုး Tylor, ပြင်သစ်လူမျိုး Robin, အီတလီလူမျိုး Alberto, အိန္ဒိယလူမျိုး Lucky, တရုတ်လူမျိုး Magukjin တို့က ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ ​သိရှိရပါတယ်။

ဒီတစ်ခေါက် ရိုက်ကူးရေးဟာ တိုက်ရိုက်တင်ဆက်မှု အစီအစဉ် မဟုတ်တာကြောင့် ရိုက်ကူးချိန် ပိုမို ကြာမြင့်ပြီး အမေးအဖြေတွေလည်း အများကြီး ရှိခဲ့တယ်လို့ ​သူမက ​ပြောထားပါတယ်။ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုနဲ့ ပုံမှန် လူအများနဲ့ ပြောဆိုတဲ့ အလေ့အကျင့် မရှိရင် အရမ်း အခက်တွေ့နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု တစ်ခု ဖြစ်ပါတယ်လို့ ဆရာမက ​ပြောပြခဲ့ပါတယ်။ ​

ဆွေး​နွေးချိန်ဟာ ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အာဏာသိမ်းစဉ်ကနေ ယနေ့ထိ ဖြစ်ပျက်နေတာတွေကို ခြုံငုံ့ပြီး ပြန်ပြောတဲ့ ပုံစံနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ​နေ့စဉ် က​လေးငယ်​တွေ အပါအဝင် အပြစ်မဲ့ပြည်သူ​တွေကို ဆုံးရှုံး​နေရ​ကြောင်းနဲ့ ​နေရာအနှံ့မှာ မီး​လောင်မှု​တွေ ​ပေါက်ကွဲမှု​တွေ ဖြစ်​နေ​ကြောင်းကိုလည်း ​​ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။

MC ​တွေအားလုံးနဲ့ နိုင်ငံခြားသား အနုပညာသည် အားလုံးတို့ဟာ မြန်မာ့အရေးကို အမှန်တကယ် စိတ်ဝင်တစား ရှိနေကြပြီး စိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကို သိခဲ့ရပြီး မင်းသား Lee Seung Gi ဆိုရင် ဘာကြောင့် ဒီလို ဖြစ်ရသလဲကို သူ စဉ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောခဲ့တယ်လို့လည်း ထို post ထဲမှာ ​ဖော်ပြထားပါတယ်။

ထို့အပြင် Cha Eun Wooကလည်း အစီအစဉ် ပြီးတဲ့အထိ ဆရာမ ချမ်းမြမြ​သော်နဲ့ စကားပြောရင်း သူမ မြန်မာလို သင်ပေးလိုက်တဲ့ “အားတင်းထား” ဆိုတဲ့ စကားလေးကို ထပ်ခါထပ်ခါ ပြောပေး​​နေခဲ့တယ်လို့လည်း သူမက ​ပြောထားပါ​​သေးတယ်။

ဒါတင်မက​သေးပဲ ကလေးအဖေ ဖြစ်တဲ့ အားကစား ချန်ပီယံ Kim Dong Hyun ကဆိုရင် ကလေးငယ်တွေ သေဆုံးမှုအကြောင်း နားထောင်ပြီး သူမ ဘေးကနေ သက်ပြင်း အကြိမ်ကြိမ်ချနေခဲ့ကာ အမေရိကန် လူမျိုး Tylorကလည်း မြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွေ ရှိတာ သိရပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မပေးနိုင်တာကြောင့် သူ အားနာမိကြောင်းနဲ့ မြန်မာ့အရေးကို သူ့ ကိုယ်ပိုင် sns မှာ တင်ပေးမယ့်အကြောင်း ပြောခဲ့တယ်ဆိုပြီး ဆရာမက ပြန်လည်​ဝေမျှ​ပေးထားပါတယ်။

ထို့အပြင် ဆရာမချမ်းချမ်းက မင်းသား နှစ်ယောက်ကိုလည်း မြန်မာပြည်က ပရိသတ်တွေက အရမ်း ချစ်ပြီး အားပေးနေကြောင်း ထပ်ခါထပ်ခါ ပြောပြခဲ့တယ်လို့လည်း ​​ရေးသား​ဖော်ပြထားပါတယ်။ သူမရဲ့ ပရိသတ်​တွေ​ရေးထားတဲ့ ကွန်မန့်​တွေကိုလည်း ပြသခဲ့တယ်လို့ ဆိုပါတယ်။

အစီအစဉ် အပြီးမှာ ပါဝင်သူ​တွေ အားလုံး လက်သုံးချောင်း ထောင်ပြီး မြန်မာလို အားတင်းထားလို့ ဟစ်ကြွေးရင်း အဆုံးသတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ထိုအစီအစဉ်ကို​တော့ ဇွန်လ ၆ ရက်​နေ့မှာ SBS ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Source : Chang Mya Mya Thaw (Fb)
Photo : Instagram
Written : ZL

Share